DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် စက်ရုံများ အခက်ကြုံနိုင်
DVB
·
May 7, 2013
Donate to DVB

ပြည်သူလူထုကို မီးပိုပေးနိုင်ရေးရည်ရွယ်ပြီး စက်မှုဇုန်အားလုံးကို မေလ ၆ ရက်နေ့ကစပြီး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်တဲ့အတွက် စက်မှုဇုန်ကို မှီခိုနေတဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ပြည်မြို့ ဂန္ဓမာစက်မှုဇုန်က လုပ်ငန်းပိုင်ရှင်တဦးက ပြောပါတယ်။

“၂၄ နာရီ ပိတ်တယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး။ ဂန္ဓမာစက်မှုဇုန်က စက်မှုဇုန်သာ အမည်တပ်ထားတာ လူနေမိသားစုတွေ အများကြီးလည်း ရှိတယ်။ ကျနော်တို့လည်း ပြည်သူတွေထဲက ပြည်သူတွေပဲ။ ဂန္ဓမာစက်မှုဇုန်ဆိုရင် စက်မှုရပ်ကွက်လို့တောင်ခေါ်ကြတယ်။ မီးမလာရင် ရေပြဿနာ ရှိတယ်။ မီးဘေးအန္တရာယ်တွေလည်း အများကြီးရှိတယ်။ ဖယောင်းတိုင်သုံးရမယ်၊ ကုန်ထုတ်လုပ်မှုမှာလည်း ဒီဇယ်သုံးရင် ကုန်ထုတ်လုပ်မှုတန်ဖိုး အများကြီးတက်မယ်။ လုပ်ငန်းတွေရှူံးလို့ ရပ်ထားလိုက်မယ်ဆိုရင် အလုပ်သမားတွေ ထိခိုက်မယ်။ လုပ်ငန်းရှင်တွေကိုမှီခိုပြီးစားနေရတာ အနည်းဆုံး မိသားစုပေါင်း ဆယ်နဲ့ချီရှိတာ။ သူတို့စားဝတ်နေရေး ထိခိုက်မယ်လေ။”

အခုချိန်မှာ နွေရာသီကာလ ကြာရှည်ပြီး မိုးရွာသွန်းမှု မရှိသေးတာကြောင့် ရေအားစက်ရုံတွေရဲ့ ဓာတ်အားထုတ်လုပ်မှုတွေ လျော့နည်းလာနေကြောင်း၊ ဒီထုတ်လုပ်နိုင်တဲ့ ဓာတ်အားတွေဟာ အများပြည်သူတွေ အသုံးပြုဖို့သာ လုံလောက်တဲ့အတွက် မေ ၆ ရက် ကစပြီး စက်မှုဇုန်တွေ၊ ရပ်ကွက်နဲ့ ကျေးရွာက ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေမှာ ၂၄ နာရီ ဓာတ်အားပိတ်ထားဖို့ သက်ဆိုင်ရာလျှပ်စစ်ဌာနက စာပို့ အကြောင်းကြားလာတာလို့  ပြည်မြို့က စက်မှုဇုန်လုပ်ငန်းပိုင်ရှင်က ပြောပါတယ်။

ပြည်မြို့က ဆန်စက်လုပ်ငန်းရှင်တဦးကလည်း ဒီလိုမီးဖြတ်ခြင်းဖြင့် ဆန်စက်ကို မှီခိုနေတဲ့ အလုပ်သမားတွေ စားဝတ်နေရေးအခက်ကြုံတွေ့ရနိုင်တယ်လို့လည်း အခုလို ရှင်းပြပါတယ်။

“ကျန်တဲ့နေရာတွေ လျှပ်စစ်ရဖို့ မီးပိတ်တယ်ဆိုပေမယ့် စက်မှုဇုန်ပေါ်မှာမှီပြီး စားနေတဲ့ အလုပ်သမားတွေ အများကြီးပါ။ အလုပ်မလုပ်ရင် စက်ရုံရပ်မယ်။ ရပ်ရင် စက်မှုလုပ်ငန်းတွေကို မှီးပြီးလုပ်နေတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေး အရမ်းခက်ခဲသွားလိမ့်မယ်။ မီးလေးတခုရဖို့ မီးပိတ်ပြီး ကျန်တဲ့ဟာတွေ အကုန်ငတ်ကုန်မယ်ဆိုရင် ပြဿနာတွေ ကြီးလာနိုင်တယ်။ အဲဒါကြောင့် နေ့စဉ် ၅ နာရီဖြစ်ဖြစ်၊ ၆ နာရီဖြစ်ဖြစ် အလုပ်လုပ်လို့ရအောင် လွှတ်ပေးမှ ကျန်တဲ့ မိသားစုတွေလည်း ပြေလည်မယ်။”

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ၃ ရဲ့ တာဝန်ရှိသူတဦးကတော့ သူတို့ဆီကို မီးဖြတ်မယ်ဆိုတာ တယ်လီဖုန်းနဲ့သာ အကြောင်းကြားလာပြီး ဘယ်ချိန်မှာ မီးပြန်လာမယ်ဆိုတာကို ရှင်းပြခြင်း မရှိဘူးလို့လည်း ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအဖွဲ့မှူး အငြိမ်းစား ဗိုလ်မှူး ကျော်ထွေးမြင့်က ယာယီအားဖြင့် စက်မှုဇုန်အားလုံးကို ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေမှာ ရေရပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်တာနဲ့ ဓာတ်အား ပြန်ပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013