Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ
DVB
·
June 2, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်နိုင်ရန်အတွက် ပိတ်ထားခဲ့တဲ့ ခရီးသွားယာဉ်လိုင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။ တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို မေလ ၁၆ ရက်က စတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ "ခုမနက်အစည်းအဝေးမှာ ပြေးဆွဲဖို့အတွက်ခွင့်ပြုခဲ့တာ၊ ပြေးဆွဲခွင့်ပြုလိုက်တယ် ဆိုပေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာသွားဖို့ မှာကြားထားပါတယ်"လို့ ပြောပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို ပြေးဆွဲခွင့်ပြုခဲ့ပြီး ခရီးသွားလာသူတွေအနေနဲ့ ထိုင်ခုံ ၂ လုံး ဝယ်ယူပြီး ၁ ယောက်သာ ထိုင်ဖို့၊ ပြီးတော့ ယာဉ် ပေါ်လိုက်တဲ့သူအားလုံး Mask တပ်ဖို့ စတဲ့အချက်တွေအပါအဝင် စည်ကမ်းချက် ၁၂ ချက် သတ်မှတ်ထားပြီး ပူးပေါင်းအဖွဲ့တွေနဲ့ အတူ ရှောင်တခင်စစ်ဆေးတာတွေပြုလုပ်သွားမှာဖြစ် တယ်လို့ ဆိုပါတယ်။ ခရီးသွားယာဉ်လိုင်းတွေအနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာနဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ် လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်း ခရီးသွားယာဉ်လိုင်းတွေပြေးဆွဲတာကို ဧပြီလ ၁၀ ရက်နေ့က စတင်ကာ ပိတ်ထားခဲ့ပေမဲ့ အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တွေကို သွားလာခွင့်ပြုခဲ့ပြီး မဖြစ်မနေ သွားလာသူတွေအနေနဲ့ ခရီးသွားလာတဲ့အခါ ယာဉ်စီးခစျေးနှုန်းကြီးစွာပေးနေရတာတွေ ရှိနေလို့ ခုလို ခရီးသွားယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာလို့ တာဝန်ရှိ သူကပြောပါတယ်။ ဧရာဝတီတိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်း ၄၆ လိုင်းရှိပြီး တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်း ၆၁ လိုင်းရှိကာ မော်တော်ယာဉ် အစီး ၂၀၀ ကျော်နဲ့ နေ့စဉ် ပြေးဆွဲတောတွေပြုလုပ်ပေးနေတာဖြစ်တယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိ က မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024