Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို  တာဝန်က ရုပ်သိမ်းပေးရန်အဆို  ကန့်ကွက်မဲများသဖြင့် ရှုံးနိမ့် 
DVB
·
June 1, 2020
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို  တာဝန်က ရုပ်သိမ်းပေးဖို့အဆိုကို ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး မဲခွဲကြရာမှာတော့ ကန့်ကွက်မဲများတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်။ ကြံ့ခိုင်ရေးပါတီအမတ် ဦးစိုင်းထွန်းစိန်တင်သွင်းတဲ့ ဒီအဆိုနဲ့ပတ်သက်ပြီး  ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၆ ရက်မြောက်နေ့ ဒီနေ့ ဇွန် ၁ ရက်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၄ ယောက်က ဆွေးနွေးခဲ့ကြတာပါ။ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းပေးဖို့အတွက် အန်အယ်လ်ဒီပါတီက ၁၁ ဦး၊ ကြံ့ခိုင်ရေးပါတီ က ၅ ဦး၊ တပ်မတော်သား ၅ ဦးနဲ့ တခြားနိုင်ငံရေးပါတီက ၃ ဦးတို့ဆွေးနွေးခဲ့ကြတာပါ။ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှုတွေမှာ ဦးတီခွန်မြတ်ရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ဆွေးနွေးသွားခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၁၁ ဦးကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အဆိုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ဦးတီခွန်မြတ်အပေါ် ထောက်ခံဆွေးနွေးသွားကြပါတယ်။ အဆိုကိုဝင်ရောက်ဆွေးနွေးသူတွေထဲမှာ ကချင်ပြည်သူ့ပါတီက ဦးလမာနော်အောင်လည်း ပါဝင်ခဲ့ပြီး ဦးတီခွန်မြတ် အပေါ် ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဦးတီခွန်မြတ်ကို ရာထူးကနေ ရုတ်သိမ်းဖို့ တင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် ဒီကနေ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ဦးထွန်းထွန်းဟိန်က မကြာခဏဆိုသလို သတိပေးခဲ့ရပြီး ဆွေးနွေးမှုတွေထဲက စကားရပ် တချို့ကိုလည်း လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်စေခဲ့ရပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာတော့ ကိုယ်စားလှယ်တချို့က အသိလွဲနေတာကြောင့်ဆိုပြီး နောက်တကြိမ် မဲထပ်ပေးကြဖို့ လွှတ်တော် ဒု ဥက္ကဋ္ဌက  ဆုံးဖြတ်ပြီး ဒုတိယအကြိမ်မှာတော့ အဆိုကို ထောက်ခံမဲ ၁၃၂ မဲ၊ ကန့်ကွက်မဲ ၂၄၃ မဲ၊ ကြားနေမဲ ၅  မဲ ရခဲ့ပါတယ်။ ဒီနေ့ မဲပေးခွင့်ရှိသူပေါင်းက ၃၉၅ ယောက်ရှိတာကြောင့် ဒီအဆိုကို လွှတ်တော်မှာ ဆက်ပြီး မဆွေးနွေးဖို့အတွက် ဆုံးဖြတ်လိုက်တယ်လို့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ကြေညာပါတယ်။ ပထမအကြိမ်မဲပေးတုန်းက အဆိုကို ထောက်ခံသူပေါင်း ၁၂၉ ယောက်ရှိခဲ့ပြီး ဒုတိယအကြိမ်ပေးရာမှာတော့ ထောက်ခံသူ ၁၃၂ ယောက်ရှိလာတာကို တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့အတွက်  မေ ၂၈ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆို တင်သွင်းခဲ့တာပါ။ ဒီအဆိုကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၁၁၅ အရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံတပုံဖြစ်တဲ့ ကိုယ်စားလှယ် အယောက် ၁၁၀ က လက်မှတ်ရေးထိုးပြီး မေ ၂၇  ရက်က ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌဆီကို တင်သွင်းခဲ့တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်လွှတ်တော်အမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းဖိုအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ အနည်းဆုံး ထောက်ခံမဲစုစုပေါင်း ၂၈၇ မဲ ရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို ရှုံးနိမ့်တာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။  ဦးတီခွန်မြတ်ဟာ ၂၀၁၀ ပြည့်နှစ်နဲ့  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့မှာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုဝင်ပြိုင်အနိုင်ရခဲ့ပြီး  ကွတ်ခိုင်မဲဆန္ဒနယ်ရဲ့  ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ အခါ  ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။ သတင်း- ပိုင်စိုး/ ဖြိုးသက်ပိုင်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024