DVB Logo
Home
မြန်မာသတင်း
ဘကကျောင်းဆရာများအတွက် ၁ နှစ်စာ ဘတ်ဂျက် သိန်းပေါင်း ၃ သောင်း ပေးမည်
DVB
·
May 7, 2013
ဘကကျောင်းဆရာများအတွက် ၁ နှစ်စာ ဘတ်ဂျက် သိန်းပေါင်း ၃ သောင်း ပေးမည်
Donate to DVB

အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆရာ၊ဆရာမတွေအတွက် စာသင်နှစ် တနှစ်စာ ဘတ်ဂျက်ကျပ်ငွေသိန်းပေါင်း ၃ သောင်း ကို ဒီနှစ် ပညာသင်နှစ်မှာ စတင်ချထားပေးမှာလို့ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက ပြောပါတယ်။

“နိုင်ငံတော်က သိန်းပေါင်း ၃ သောင်းချပေးတယ်။ ဆရာ ဆရာမတွေကို ၄၀ ချိုး ၁ ချိုးနဲ့ တွက်ထားတယ်။ ကျောင်းသား ၄၀ ရှိရင် ဆရာ ဆရာမ ၁ ဦးနှုန်းပေးမယ်ပေါ့။ ၂၀၀ ရှိရင် ဆရာ ဆရာမ ၅ ယောက်စာ ပေးမယ်ပေါ့။ မူလတန်းပြဆို မူလတန်းနှုန်းထား၊ အလယ်တန်းပြဆို အလယ်တန်းပြနှုန်းထားနဲ့ပါ။ ဘုန်းတောင်ကြီးသင်ကျောင်းတွေက ပြည်နယ်နဲ့တိုင်းအနှံ့ရှိတယ်လေ။ စာရင်းတွေကောက်နေပြီ။ ကော်မတီဖွဲ့ထားတယ်။ သူတို့လက်ထဲရောက်အောင် ထည့်ပေးမယ်။ အခု ဧပြီ၊ မေနဲ့ ဇွန် ၃ လစာ တခါထဲပေါင်းပေးမယ်။ လစဉ် ၂၅ ရက်နေ့ရောက်တိုင်း ကော်မတီ ငွေစာရင်း ဌာနကနေ ပေးမယ်။ နောက်နှစ်တော့ မပြောနိုင်ဘူး။ နိုင်ငံတော်က ချပေးတဲ့အပေါ် မူတည်တယ်။”

မူလတန်းပြဆရာ၊ ဆရာမတွေအတွက် တဦးကို တလစာ ကျပ် ၄ သောင်း၊ အလယ်တန်းပြအတွက် ကျပ် ၄ သောင်းခွဲ၊ အထက်တန်းပြအတွက် ကျပ် ၅ သောင်း စသည်ဖြင့် အကြမ်းဖျင်း သတ်မှတ်လျာထားတယ်လို့ ဦးစိုးမင်းထွန်းက ပြောပါတယ်။

ကျောက်ဆည်မြို့က ဆင်ဖြူချပ်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းက ဆရာတော်ဦးစိန္တာ၀ရက ဒီလိုချပေးတာဟာ အထိုက်အလျောက်တော့ အဆင်ပြေသွားနိုင်ပြီး လိုအပ်ချက်တွေတော့ အများကြီးရှိနေသေးတယ်လို့ မိန့်တော်မူပါတယ်။

“ချပေးမယ်ဆိုတာ ကြားပါတယ်၊ လောလောဆယ် မရသေးပါဘူး။ ဘယ်လိုပုံစံချပေးမယ်ဆိုတာ မသိတာကြောင့် ဘယ်လောက်အတိုင်းအတာထိ ပြေလည်မယ် ဆိုတာ ပြောလို့မရသေးဘူး။ လောလောဆယ် ကျောင်းရန်ပုံငွေရယ်လို့ သီးသန့်တော့ မရှိဘူး။ အများဆီကရတဲ့ ၁ လ ၅၀၀-၁၀၀၀ ကိုစုပြီး ရတဲ့ငွေနဲ့ လစာပေးပါတယ်။ လစာထိုက်ထိုက်တန်တန်ကြီး မပေးနိုင်ပါဘူး။ ၄ သောင်းလောက်ပဲပေးနိုင်တယ်။ အခြေခံလူတန်းစားတွေများတော့ ကလေး ၄၅၆ ယောက်လုံး အစားအစာ၊ အ၀တ်အထည်နဲ့ ကျန်းမာရေးလည်း ကျောင်းကပဲအားလုံးလုပ်ပေးပါတယ်။ ဆရာ ဆရာမတွေရဲ့ လစာလိုအပ်ချက်တွေကတော့ ရှိတာပါပဲ။ မိသားစုအကြီးစားလို ဖြစ်နေတော့ လိုအပ်ချက်တွေတော့ ရှိတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လာကြသူအတော်များများဟာ ပညာရေးအခက်အခဲတင်မကဘဲ စားဝတ်နေရေး အခက်အခဲတွေပါ ရှိကြသူတွေ များပါတယ်။”

လွန်ခဲ့တဲ့နှစ်ပိုင်းက အမျိုးသားလွှတ်တော်မှာ ဘကကျောင်းတွေကို  ထောက်ပံ့ရေး ဥပဒေတရပ်ထုတ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တဦးက မေးမြန်းရာမှာ  ပညာရေးဝန်ကြီး ဒေါက်တာမြအေးက မလိုအပ်ဘူးလို့ ဖြေကြားခဲ့ဖူးပါတယ်။

၂၀၁၀-၂၀၁၁ ပညာသင် နှစ်တုန်းက မြို့နယ် ၂၅၂ မြို့နယ်မှာ ဘကကျောင်း ၁၄၃၁ ကျောင်းကို ဖွင့်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၂ သိန်း ၁ သောင်း ၅ ထောင်ကျော် တက်ရောက်နေတယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013