DVB Logo
Home
မြန်မာသတင်း
လူ ၄ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရှမ်းတပ်စခန်း ၁ ခု မီးရှို့ခံရ
DVB
·
May 7, 2013
လူ ၄ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရှမ်းတပ်စခန်း ၁ ခု မီးရှို့ခံရ
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ လူ ၄ ဦး ပျေက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ တပ်စခန်းတခုကို အစိုးရတပ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စုထဲမှာ  ရုပ်ပုံပိုစတာဓာတ်ပုံတွေ လိုက်လံရောင်းနေတဲ့ လူ ၄ ဦး ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး   ခလရ ၁၉၀ အစိုးရတပ်က သူတို့စခန်းထဲကို ၀င်ရောက်ရှာဖွေရာမှာ လူမတွေ့တဲ့အတွက်  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

[caption id="attachment_39168" align="alignright" width="200" caption="ဗိုလ်မှူး စိုင်းလောဝ်ဆိုင်"][/caption]

“မြန်မာ့တပ်မတော်စစ်ကြောင်းက ကျနော်တို့တပ်စခန်းတခုကို ဒီလ ၅ ရက်နေ့မှာ မီးရှို့ပစ်လိုက်တာပါ။ ဖြစ်တာက စစ်ထောက်လှမ်းရေးလို့ ယူဆရသူ ၄ ယောက်ပျောက်သွားတော့၊ ကျနော်တို့ကို ဖမ်းထားသလားပေါ့၊ သူတို့လူပြန်ပေးပါ။ မူဆယ်အခြေစိုက် ဗျူဟာမှူးက အဲလိုပြောလာတယ်။ ကျနော်တို့က မဖမ်းရဘူး၊ ရှိလည်းမရှိ တွေ့လည်းမတွေ့ရဘူး ပြောပါတယ်။ သူတို့က အယုံအကြည်မရှိဘူး။ တပ်စခန်းကို ၀င်စစ်ဆေးကြည့်မယ်တဲ့။ ဖယ်ပေးဆိုပြီး ဖယ်ပေးလိုက်တဲ့အခါ တပ်စခန်းကို လာစစ်တယ်၊ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။”

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း  ခလရ ၁၉၀ နဲ့ ခလရ ၄၅ က တပ်ဖွဲ့ဝင်တွေဟာ  အဲဒီကျေးရွာအုပ်စုထဲမှာရှိတဲ့ တိန်းခါး၊  နောင်ပိုင်နဲ့ နမ့်အွဲ့စတဲ့ ကျေးရွာတွေထဲ ၀င်ရောက်ပြီး ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးကို ၀င်ရောက် ရှာဖွေခဲ့သေးတဲ့အတွက် အဲဒီလူတွေဟာ ရိုးရိုးအရပ်သားမဟုတ်နိုင်ဘဲ ဈေးသည် ယောင်ဆောင်ထားတဲ့ ထောက်လှမ်းရေးတွေ   ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

အစိုးရတပ်က လူဝင်ရှာပြီး  မီးရှို့ခဲ့တဲ့စခန်းကတော့  တိန်းခါးရွာမှာရှိပြီး  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ တပ်မဟာ ၇၀၁ လက်အောက်ခံတပ်က စခန်းချနေတာ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့မတိုင်ခင်က အဲဒီဒေသထဲမှာ နယ်မြေရှင်းလင်းရေး နဲ့ ပျောက်ဆုံးနေတဲ့သူတွေ ရှာဖွေဖို့အတွက် ရှမ်းတပ်ကို ဖယ်ပေးဖို့ မူဆယ်အခြေစိုက် အစိုးရတပ်ဘက်က ဗျူဟာမှူးက ပြောခဲ့တဲ့အတွက် ရှမ်းတပ်ကလည်း ဖယ်ပေးခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စစ်ဆေးအရေးယူမှုတွေ လုပ်ပေးဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆီကို မေ ၆ ရက်နေ့က စာတစောင် ပေးပို့ထားတာမှာ ခုထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်း ကျိုင်းတောင်းမြို့နယ်ထဲမှာရှိတဲ့ သံလွင်မြစ်ကူးတံတားနားမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်ဘက်က ကျိုင်းတောင်းဒေသ ရွှေတူးဖော်ရေးနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို လာရောက်စစ်ဆေးတာလို့ ပြောပေမယ့်လည်း သူတို့ဘက်ကို  ကြိုတင် အကြောင်းမကြားဘဲ ရောက်လာတဲ့အတွက် ရှမ်းပြည်တပ်မတော်ဘက်က စပစ်ရာက ပစ်ခတ်မှု မိနစ် ၂၀ လောက်   ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်အခတ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ပစ်ခတ်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြန်ဖြစ်ခဲ့တယ်။

ပစ်ခတ်မှုတွေ ဖြစ်တိုင်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဆီကို အကြိမ်ကြိမ် စာပို့ အကြောင်းကြားပေမယ့် ထူးခြားမှုမရှိကြောင်း၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း၊ ဒါဟာ ယုံကြည်မှုကို ပျက်ပြားစေပြီး ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်ဖို့ အင်မတန်ခက်ခဲစေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013