ဩစတြေးလျနှင့် နယူးဇီလန်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၃ ဦးကို ပြန်ခေါ်ယူ
DVB
·
June 1, 2020
ဩစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၃ ဦးကို ဒီကနေ့ဇွန်လ ၁ ရက်မှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားလို့ သြစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား (၈၃) ဦးကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း Myanmar Airways International (MAI) အထူးကယ်ဆယ်ရေးလေယာဉ် 8M-1003 နဲ့ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ဒေသစံတော်ချိန် ဒီနေ့ မနက် ၁၀ နာရီမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
နေရပ်ပြန်မြန်မာနိုင်ငံသားတွေ လေယာဉ်စီးနင်း လိုက်ပါမယ့်နေ့ရက်မှာ လေဆိပ်မှာ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်ဖို့ သံအမတ်ကြီး ဦးသာအောင်ညွန့်နဲ့ မြန်မာသံရုံးဝန်ထမ်းတွေက လေဆိပ်သို့ သွားရောက် ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MOFA