အိန္ဒိယနိုင်ငံက ပြန်လာသည့် တပ်မတော်သား ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ
DVB
·
June 1, 2020
ဒီနေ့မနက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၄ ဦးဟာ တပ်မတော်သားတွေဖြစ်ပြီး ပထမအကြိမ် စစ်ဆေးတုန်းက ပိုးမတွေ့ဘဲ အမျိုးသားဓာတ်ခွဲဌာနကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ ပိုးတွေ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်မှာ မြန်မာ့ အမျိုးသားလေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်သား ၁၈ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားပြီး သူတို့ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာတွေကို အဲဒီနေ့မှာပဲ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေ ၃၀ ရက်ထုတ်ပြန်ချက်အရ တပ်မတော်သားတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်နဲ့ လိုက်ပါလာသူတွေထဲက အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၈ ယောက်မှာ ရောဂါပိုးတွေ့ခဲ့ရတာကြောင့် အဲဒီတပ်မတော်သားတွေရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ်နမူနာတွေကို ရယူပြီး အမျိုးသားဓာတ်ခွဲဌာန(NHL) ကိုပေးပို့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ဒီတကြိမ်မှာတော့ တပ်မတော်သား ၁၈ ယောက်ထဲက ၄ ယောက်မှာ ရောဂါပိုးတွေ့ရတယ်လို့ ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်တာကြောင့် သူတို့ကို တပ်မတော်က ကိုဗစ်-၁၉ ရောဂါ အထူးကုသဖို့ ကြိုတင်စီစဉ်ထားတဲ့ တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)ကို ပို့ဆောင်ပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ကျန်းမာရေး အခြေအနေဟာလည်း တည်ငြိမ် ကောင်းမွန်နေတယ်လို့ ဒီမနက်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပြီး ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။