ဂန့်ဂေါမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများကို ရေလှူဒါန်းပေးနေ
Aung Ko Latt
·
May 31, 2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက သောက်သုံးရေရှားပါး ခက်ခဲနေတဲ့ ကျေးရွာတွေကို မြို့နယ် NLD ပါတီက ဦးဆောင်ကာ မြို့နယ်ဌာနဆိုင်ရာတွေ၊ အလှူရှင်တွေက သွားရောက်လှူဒါန်းတာတွေကို ပြုလုပ်နေပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ကာလမှာ မြေအောက်ရေခန်းခြောက်ပြီး ရေတွင်းတွေ ရေမထွက်တော့တဲ့အတွက် ကျေးရွာ ၆ ရွာမှာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရတာပါ။
မြို့နယ်ပါတီ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသန်းဝင်းနိုင်က "မနှစ်ကနဲ့ စာရင်တော့ ရေအခက်အခဲဖြစ်တဲ့ရွာ နည်းသွားတယ်။ ဒီနှစ်က မိုးဦးနည်းနည်းစောတဲ့အတွက်။ ဒါပေမယ့် စိမ့်စမ်းရေသွယ်ရတဲ့ကျေးရွာတွေ၊ ရေတွင်းတူးဖို့ ခက်ခဲတဲ့ ကျေးရွာတွေကတော့ ရေအခက်အခဲ ရှိနေတုန်းပဲ။ ရေခက်ခဲတဲ့ ကျေးရွာတွေက ဆက်သွယ်လာရင်၊ သတင်းကြားရင် သွားပြီးတော့ သောက်သုံးရေ လှူဒါန်းပေးနေပါတယ်။ ဒေသခံကိုယ်စားလှယ်အပါအဝင်၊ ကျေးလက်၊ စည်ပင်၊ မီးသတ်တို့ကလည်း လိုက်ပါကူညီဆောင်ရွက်ပေးကြပါတယ်" လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ ကျေးရွာပေါင်း ၁၀၇ ရွာရှိပြီး မနှစ်က ၁၀ ရွာလောက် သောက်သုံးရေ အခက်အခဲကြုံခဲ့ရတာပါ။
ဒီနှစ်မှာတော့ မိုးကျစောတဲ့အတွက် ကျေးရွာ ၆ ရွာလောက်သာ ရေအခက်အခဲကြုံနေတာလည်း ဖြစ်ပါတယ်။
မေ ၁၇ ရက်နေ့ကနေ စတင်ကာ ညောင်လယ်၊ လီလင်း၊ အန်းတား၊ ရောင်နက်၊ ထယ်လှော်၊ လယ်ဓမ္မ စတဲ့ကျေးရွာတွေမှာ သောက်ရေတွေအပြင် ရေရရှိရေးမှာ သုံးစွဲနိုင်ဖို့ ငွေကြေးအချို့ကိုလည်း လှူဒါန်းတာတွေ ပြုလုပ်နေပါတယ်။
ကျေးလက်ဦးစီးဌာနကလည်း ရေရှားတဲ့ ကျေးရွာတွေကို ရေတွင်းတူးတာ၊ စိမ့်စမ်းရေသွယ်တာ၊ VDP စီမံကိန်းနဲ့ မြစ်ရေတင်၊ ချောင်းရေတင်လုပ်ငန်းဖော်ဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။
အရင်နှစ်က စိမ့်စမ်းရေသွယ်ထားတဲ့ ကျေးရွာတချို့မှာ ရေသွယ်ပိုက်လိုင်းတွေ ပျက်စီးတာ၊ တောတောင်သစ်တောတွေ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပြီး ရေအရင်းအမြစ်တွေ ခန်းခြောက်တာတွေလည်း ရှိနေပါတယ်။
ဆက်လက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ သတင်းတွေ ဖြန့်ဝေပေးထားပါတယ်။