Home
မြန်မာသတင်း
အုပ်စုဖွဲ့ ငွေလိမ်လည်နေသူများကို ပုသိမ်တွင် ဖမ်းမိ
DVB
·
May 31, 2020
ဆရာတော်၊ သံဃာတော်တွေထံက ငွေကြေးလိမ်လည်နေသူတွေကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ မေလ ၃၀ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းမက ရဲစခန်းမှူးက ပြောပါတယ်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ဆရာတော် ဦးသောဘိတဆီက ငွေကျပ်သိန်း ၁၅၀ ကျော်ကို ဆေးကျောင်းတက်နေစဉ် ငွေလိုအပ်နေလို့ ချေးပေးဖို့နဲ့ မပေးရင် သတ်သေမယ်လို့ တောင်းခဲ့တာကြောင့် ချေးပေးခဲ့ကြောင်း၊ ချိန်းဆိုထားတဲ့နေ့ ပြန်မပေးတော့လို့ ရဲတပ်ဖွဲ့ကို လာရောက်အကူညီတောင်းခံရာမှ လိမ်လည်နေသူတွေ ဖြစ်ကြောင်း သိရှိခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်ခင်က DVB ကို ပြောပါတယ်။ "လာအကူညီတောင်းတဲ့ ဆရာတော်ဆီက အများဆုံးလိမ်ထားတာ၊ အားလုံးဆိုရင်တော့ ၇ ယောက် ဖမ်းမိထားတယ်၊ သူတို့ ငွေထုတ်တဲ့ Wave Money ဆိုင်တွေမှာ စောင့်ပြီးဖမ်းခဲ့ရတာ၊ တခြားဆရာတော်တွေဆီကလည်း ခုလို နည်းလမ်းမျိုးတွေနဲ့ လိမ်ထားတာတွေ့ရတယ်၊ တခြား ပြစ်မှုတွေရှိမရှိကိုတော့ ခုဆက်လက်စစ်ဆေးနေပါတယ်။" ငွေလိမ်လည်သူတွေဟာ Messeger မှတဆင့် ထိုင်းနိုင်ငံမှာ ဆေးကျောင်းတက်နေလို့ ငွေလိုအပ်နေသဖြင့် ကူညီပေးဖို့ ပြောဆိုပြီး မကူညီပေးရင် မိမိကိုယ်ကိုယ် သတ်သေမယ်ဆိုပြီး လိမ်လည်ခဲ့ကြတာလို့ ဆိုပါတယ်။ ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အသက် ၂၅ နှစ်အောက်အရွယ်တွေဖြစ်တဲ့ ပြည့်စုံ၊ ထက်ဝင်း၊ ပြည့်ဖြိုးသွယ်၊ မြင့်မြတ်အောင်၊ ညီညီထက်မြတ်၊ မကဗျာစိုးဝင်းနဲ့ မဇွန်ပွင့်ဖြူတို့ကို မြို့မရဲစခန်းမှာ (ပ) ၄၁၆/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ)နဲ့ အမှုဖွင့်စစ်ဆေးနေပြီး အမှုနဲ့ မသက်ဆိုင်သူတွေလည်း ရှိလာနိုင်တယ်လို့ ပုသိမ်မြို့မရဲစခန်းမှူးကပြောပါတယ်။ ရဲတပ်ဖွဲ့ထံကို လာရောက်အကူညီတောင်းခံတဲ့ ဆရာတော်ဆီက ငွေကျပ်သိန်း ၁၅၈ သိန်း ကျော်ကို လိမ်လည်ခဲ့သလို အဲဒီနည်းလမ်းအတိုင်း လိမ်လည်ထားတဲ့ ဆရာတော် ၁၂ ပါးရှိပြီး ငွေကြေး သိန်း ၁၆၀ ကိုလည်း လိမ်လည်ခဲ့တာလို့ ရဲတပ်ဖွဲ့ထံမှာ တရားခံ ပြည့်စုံအောင်က ထွက်ဆိုထားပါတယ်။ လိမ်လည်ပြီးရရှိလာတဲ့ ငွေတွေကို သူတို့သုံးစွဲတာတွေရှိသလို လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မော်ကျွန်းမြို့မှာရှိတဲ့ မွေးစားမိခင်ရဲ့ နေအိမ်ကိုဖျက်ပြီး ၁၅ ပေ ၄၀ ပေ ၁ ထပ်တိုက် ပြန်ဆောက် တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဆရာတော် သံဃာတော်တွေဆီက ငွေလိမ်လည်မှုတွေပြုလုပ်နေသူတွေဟာ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ အိမ်ငှားရမ်းနေထိုင်ပြီး ပုသိမ်ဇာတိ ၃ ဦးနဲ့ ငရုတ်ကောင်း၊ သာပေါင်း၊ မော်ကျွန်း၊ ရေကြည် စတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အရာရှိတဦးက DVB ကို ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024