တာချီလိတ်တွင် ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
DVB
·
May 31, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်မှာ မေ ၃၀ ရက်နေ့က ငွေကျပ်သိန်းပေါင်း ၄ သောင်း ၈ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတွမ်းကားလမ်းမှာ သတင်းအရ ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်စဉ် မေ့ ၃၀ ရက် မနက် ၁၁ နာရီလောက်မှာ မိုင်းဆတ်ဘက်ကနေ မိုင်းတွမ်းဘက် အမျိုးသား ၁ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ဂွကြားမှာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း၊ မနက် ၁၁ နာရီခွဲလောက်ကလည်း မသင်္ကာဖွယ် Toyota Revo အမျိုးအစား မော်တော် ယာဉ် ၁ စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ထွက်ပြေးသွားပြီး ယာဉ်ပေါ်မှာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး အပြားရေ သိန်း ၃၀ လောက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း (ခန့်မှန်းတန်ဖိုး သိန်းပေါင်း ၄ သောင်း ၈ ထောင်ကျော်) အား မိုင်းဆတ်မူးယစ်တပ်ဖွဲ့စုကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။