DVB Logo
Home
မြန်မာသတင်း
သားဖွားဆရာမ အရေအတွက် ၇ ဆမြှင့်ရန် လိုအပ်နေ
DVB
·
May 6, 2013
သားဖွားဆရာမ အရေအတွက် ၇ ဆမြှင့်ရန် လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးနဲ့မိခင်သေဆုံးမှု လျော့ကျရေးအတွက် သားဖွားဆရာမတွေဟာ အဓိကကျပြီး လုံလောက်မှုမရှိသေးဘူးလို့ ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သိင်္ဂီမြင့် က ပြောပါတယ်။

“မိခင်၊ ကလေး ကျန်းမာရေးမှာ သားဖွားဆရာမက အဓိကပါ။ ရွာတွေမှာဆိုရင် သူတို့က အဓိက ဆောင်ရွက်တဲ့သူတွေပါ။ သူတို့ကိုပဲ ကျမတို့ အားကိုးရတာ။ အဲတော့ သူတို့ အဓိကအလုပ်က သားဖွားခြင်းအတတ်ပညာပေါ့။ သူတို့ကို ဘက်စုံသားဖွားဆရာမလို့လည်း ခေါ်ပါတယ်။ တခြားအလုပ်တွေလည်း လုပ်တယ်။ အဓိကလုပ်တဲ့ ဒီသားဖွားခြင်း အတတ်ပညာမှာ သူတို့က တကယ်စွမ်းစွမ်းတမံဆောင်ရွက်မယ်ဆိုရင် အမေသေနှုန်း၊ ကလေးသေနှုန်းတွေ ကျမှာပါ။”

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးက ကျေးရွာပေါင်း ၆ သောင်းကျော်အတွက်  ကျေးရွာ ၁ ရွာမှာ သားဖွားဆရာမ ၁ ဦး ထားပေးရန် စီစဉ်ပေမယ့် လက်ရှိမှာ ကျေးရွာ ၇ ရွာကို ၁ ဦးသာ ထားရှိပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“သားဖွားဆရာမတော့ တော်တော်များများက လုပ်ချင်ကြပါတယ်။ အဓိကက မွေးထုတ်ပေးနိုင်တယ် လိုသလောက် မခန့်ပေးနိုင်သေးတာပေါ့။ နှစ်စဉ်တော့ သားဖွားဆရာမတွေကို အလုပ်တော့ ခန့်နေတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် မခန့်နိုင်သေးတာပေါ့။”

ဝန်ကြီးဌာနက တနိုင်ငံလုံးအတွက် သားဖွားဆရာမအယောက် ၂ သောင်း မွေး ထုတ်ပေးထားပေမယ့် ၉ ထောင်သာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းနေကြတယ်လို့ ပြောပါတယ်။

၂၀၁၀ မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး မွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေးနှုန်း ၁ သိန်း မှာ မိခင် ၂၀၀ သေဆုံးခဲ့တယ်လို့ ဒေါက်တာဒေါ်သိင်္ဂီမြင့်က ဆိုပါတယ်။

လက်ရှိအချိန် နိုင်ငံရဲ့ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းလိုဒေသတွေအပြင် အပူပိုင်းဒေသတွေမှာ မိခင်သေဆုံးနှုန်းတွေ များပြားနေသေးတယ်လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အဲ့ဒီအချိန်မှာ ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေး ၁ သိန်းမှာ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ သားဖွားဆရာများနေ့ကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအစီအစဉ်က တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013