Homeမြန်မာသတင်း
ကျောင်းပြန်ဖွင့်ပါက ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားရှိရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု
ကျောင်းပြန်ဖွင့်ပါက ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားရှိရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု
DVB
·
May 30, 2020
ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် သင့်တော်တဲ့ ရာထူးရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျောင်းတွေမှာ တရားဝင်ခန့်အပ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုလိုက်ပါတယ်။
အခြေခံပညာအထက်တန်းအဆင့်တွေကို ဇူလိုင် ၂၁ ရက်မှာ ဖွင့်ဖို့နဲ့ နောက်ထပ် ၂ ပတ်အကြာမှာ အလယ်တန်းနဲ့ မူလတန်းတို့ကို ဆက်ဖွင့်မယ်လို့ ကြားသိရတာကြောင့် ကျေနပ်တယ်လို့လည်းဆိုပြီး စည်းကမ်းနဲ့ လမ်းညွှန်ချက်တွေကို အသေးစိတ် စဉ်းစားဖို့လိုတယ်လို့ ကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းပြန်ဖွင့်မှာကို ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေလည်း စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
စိုးရိမ်စေတဲ့ အကြောင်းရင်းမျိုးစုံရှိပြီး အရွယ်ရောက်ပြီးသူတွေနဲ့ ယှဉ်ရင် ကလေးတွေအနေနဲ့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ကျောင်းမှာ တချိန်လုံးနေနိုင်ဖို့ဆိုတာ ကလေးတွေရဲ့ သဘာဝအရ မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။
နောက်ထပ်စိုးရိမ်စရာတခုကတော့ ကျောင်းသားနဲ့ စာသင်ခန်းအရေအတွက်ကြောင့် ခပ်ခွာခွာနေဖို့ အခက်အခဲဖြစ်ပြီး ရောဂါပျံ့နှံ့တာကို တားဆီးဖို့အတွက် ကိုင်တွယ်ရခက်စေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် အခက်အခဲတွေ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ကူးစက်ရောဂါကို ထိန်းချုပ်ပြီးချိန်မှ ကျောင်းတွေပြန်ဖွင့်ဖို့ ကျောင်းသားမိဘတွေက ဆန္ဒရှိကြပေမယ့် ဒါဟာ ကြိုတင်မှန်းမရတဲ့ အခြေအနေဖြစ်တာကြောင့် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်နဲ့ အစီအစဉ်တွေကို စေ့စေ့စပ်စပ်သေသေချာချာ အသေးစိတ်စဉ်းစားပြီးမှ ကျောင်းတွေ ပြန်ဖွင့်ဖို့လုပ်ရတော့မယ်လို့ ဆိုပါတယ်။
နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်တာ၊ သတ်မှတ်အကွာအဝေးမှာထိုင်တာ၊ လက်ဆေးတာနဲ့ ကိုယ်ပူချိန်တိုင်းတာတို့ကို ဆရာ၊ ဆရာမတွေနဲ့ ကျောင်းတာဝန်ရှိသူတွေက သေသေချာချာဆောင်ရွက်နိုင်မယ်လို့ ကော်မရှင်က ယုံကြည်ပေမယ့် ရောဂါကူးစက်ခံရတာကို အစောဆုံးသိဖို့လိုတာကြောင့် သင့်တော်တဲ့ ရာထူးရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျောင်းတွေမှာ တရားဝင်ခန့်အပ်ပေးဖို့ ကော်မရှင်က အကြံပြုပါတယ်။
အဲဒီဝန်ထမ်းတွေအနေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာဖို့၊ ကိုဗစ်-၁၉ လက္ခဏာတွေ့ရရင် တခြားကလေးတွေနဲ့ ခွဲထားပြီး မိဘတွေကို ချက်ချင်းအကြောင်းကြားဖို့၊ အဲဒီကလေး၊ ကလေးမိဘနဲ့ တခြားကလေးတွေကို နှစ်သိမ့်ဆွေးနွေးဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့၊ တခြားကလေးတွေနဲ့ ဆက်စပ်တာကို ခြေရာခံဖို့၊ ရောဂါထပ်မပြန့်အောင်ဆောင်ရွက်ဖို့ စတာတွေလုပ်ဖို့အတွက် ပြဋ္ဌာန်းပေးထားဖို့ လိုမယ်လို့ ဆိုပါတယ်။