DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ပင်လုံညီလာခံအတွက် ချင်းတိုင်းရင်းသားများ ပြင်ဆင်
DVB
·
May 6, 2013
Donate to DVB

လာမယ့် ၂၀၁၄ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့  ပင်လုံကဲ့သို့သော ညီလာခံမှာ ချင်းတိုင်းရင်းသားတွေအနေနဲ့ ဘုံသဘောထားရယူပြီး တင်ပြဆွေးနွေးသွားဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။

ချင်းနိုင်ငံရေးပါတီ ၅ ခုဟာ ပြီးခဲ့တဲ့ မေလ ၃ ရက် နဲ့ ၄ ရက်နေ့တွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပြီး ချင်းအမျိုးသားညီလာခံကြီးတခု ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားပါတီရဲ့ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောပါတယ်။

“ချင်းလူမျိုးနဲ့ သက်ဆိုင်တဲ့ညီလာခံခေါ်ယူကျင်းပရေး၊ အဲညီလာခံကို ချင်းအမျိုးသားညီလာခံလို့ ခေါင်းစဉ်တပ်လုပ်ဖို့။ ဘာလို့လုပ်လဲဆိုတော့ သမ္မတကြီးပြောသလို ၂၀၁၄ မှာ ပင်လုံကဲ့သို့သောညီလာခံမှာ ချင်းတွေအသံတသံတည်း တူညီစွာ ထွက်နိုင်ဖို့ ဘယ်လိုလုပ်ငန်းစဉ်တွေကို နိုင်ငံတော်အဆင့်ညီလာခံမှာ ဘယ်လိုတင်သွင်းဖတ်ကြားမလဲဆိုတာ ကြိုတင်ပြင်ဆင်မှု အနေနဲ့ တွေ့ဆုံစကားပြောရခြင်း ဖြစ်တယ်။”

ချင်းအမျိုးသားညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီနှစ်မကုန်ခင် ကျင်းပသွားဖို့ရှိပြီး ဘယ်အချိန် ဘယ်နေရာမှာ  ဘယ်သူတွေ ဖိတ်ကြားမလဲ ဆိုတာတွေကို ဖြစ်မြောက်ရေးကော်မတီက ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ချင်းညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ချင်းပါတီအသီးသီးက အဖွဲ့ဝင် ၃ ဦးစီနဲ့ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦးနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ ဆလိုင်းငယ်ပီးက ပြောပါတယ်။

ချင်းအမျိုးသားညီလာခံ ဖြစ်မြောက်ရေး အကြိုဆွေးနွေးပွဲမှာ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုက ပါတီခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သူတို့သဘောထားအကြံပြုချက်တွေ ပေးပို့လာမယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလမ်းပြမြေပုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် သဘောတူပြီး နယ်မြေသတ်မှတ်ရေး ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပြီးရင် လက်နက်ကိုင်အဖွဲ့ရော နိုင်ငံရေးပါတီတွေပါ အားလုံးပါဝင်တဲ့ ပင်လုံညီလာခံလို ဆွေးနွေးပွဲကြီးတရပ် ကျင်းပသွားဖို့ရှိကြောင်း   ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013