အေအေအဖွဲ့က ဖမ်းခေါ်သွားသည့် ကလေး ၁ ဦးအပါအဝင် ၄ ဦးကို ပြန်လွှတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၂ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကုန်းတန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးမှူး ဦးစိုးသူဝင်းတို့ကို မေ ၂၉ ရက်နေ့ညက ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင်တပ်မတော် (အေအေ)က သတင်းထုတ်ပြန်ပါတယ်။ သူတို့ကို အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ငွေ ၄ သောင်းစီပေးပြီး လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းအား “ဟုတ်ပါတယ်။ မနေ့ကတည်းက အားလုံးလွတ်မြောက်လာကြတယ်” လို့ အတည်ပြုပြောဆိုပါတယ်။ ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက် မနက် ၂ နာရီလောက်မှာ အေအေအဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့စဉ် ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့အတူ ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီခေါ်ဆောင်သွားခဲ့တာပါ။ ကျန်းမာရေးမှူး ဦးစိုးသူဝင်းကိုတော့ မေ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဇီးကုန်းတန်း ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးခန်းစောင့်လင်မယားနဲ့အတူ ဖမ်းဆီးသွားခဲ့ပြီးနောက် ကျန်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်းမာရေးမှူး ၁ ဦးတည်းကိုသာ ထိန်းသိမ်းထားခဲ့တာပါ။ မေ ၂၉ ရက် မနက် ၂ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ သဇင်မြိုင်ရဲကင်းစခန်းအား အေအေအဖွဲ့က ဝင်တိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် ၆ ဦး၊ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦးတို့ ပျောက်ဆုံးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး အပါအဝင် ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းတို့အား ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာ စာသင်ကျောင်းမှာ ကျေးရွာတာဝန်ရှိသူတွေထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့တယ်လို့ အေအေအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရသေ့တောင်မြို့နယ် ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွှတ်ပေးဖို့ အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေလ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါသေးတယ်။ အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက အရပ်သားတွေကို လွှတ်ပေးခဲ့ပေမယ့် ရဲ့တပ်ဖွဲ့ဝင်တွေကိုတော့ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ လင်းလက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up