ရှမ်း-ကယားနယ်စပ် ပူးပေါင်းစစ်ဆေးရေးတွင် တာဝန်ကျသူနာပြု ၁ ဦး သေဆုံး
နော်နိုရင်း
·
May 29, 2020
ရှမ်း-ကယားနယ်စပ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးကျေးရွာရှိ မြို့ဝင်/ထွက် ပူးပေါင်းစစ်ဆင်ရေးဂိတ်မှာ တာဝန်ကျ သူနာပြုဝန်ထမ်း အမျိုးသား ၁ ဦး မတ်လ ၂၈ ရက်နေ့ ညသန်းခေါင်ကျော်က ရုတ်တရက်သေဆုံးသွားပါတယ်။
အဆိုပါပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဝင်/ထွက်သွားလာမှု တွေကို ကျန်းမာရေးအရ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဌာနက သူနာပြုဝန်ထမ်း ဦးဇော်လင်းကို (အသက်၄၁) နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ညသန်းခေါင်ကျော်မှာ ကားပေါ်မှာတင် သေဆုံးခဲ့တာလို့ မျက်မြင်သက်သေ ရဲအရာရှိက ပြောပါတယ်။
“ခြေထောက်ကို ကားပေါ်တင်ထားပြီးတော့ အနောက်ကို ပက်လက်လှဲနေတယ်ပေါ့။ ည ၁၂ ခွဲလောက်မှာ တွေ့တယ်။ ကျနော်တို့က ၁၁ နာရီကနေ ၃ နာရီ ကင်းကျတာလေ။ သူက ၁၁ နာရီအထိ ရှိနေသေးတယ်။ စကားပြောနေသေးတယ်။ ၁၂ နာရီထိုးလောက်ကျတော့ ကျနော်ကင်းကျတဲ့အချိန် ကျနော် ဒီမှာလာတွေ့တော့ လူကပက်လက်ကြီးဖြစ်နေတော့ အောက်မှာ အိပ်ဆိုပြီးတော့ ရဲဘော်ကလေးကလာနိုးတာ။ လာနိုးတဲ့အချိန်ကျတော့ အသက်က မရှိတော့ဘူး။”
သေဆုံးချိန်မှာ ရင်ကြပ်သမားတွေသုံးတဲ့ ဆေးဘူး လက်မှာကိုင်ထားတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
လွိုင်လင်လေးရဲကင်းစခန်း ရဲအုပ်ဇော်နိုင်ဝင်းကတော့ သေဆုံးသူမှာ ရင်ကြပ်ရောဂါ ရှိနေတယ်လို့သိရပြီး သေဆုံးချိန်မှာ အရက်တွေသောက်ထားတယ်လို့ ပြောပါတယ်။
“သူက ရင်ကြပ်ရောဂါရှိတယ်လည်း ပြောတယ်။ နောက်ပြီးတော့ သူက အရက်လည်း အလွန်အကျွံသောက်တဲ့သူ။ ပုံမှန် (nomal) ဖြစ်တဲ့ သေမှုသေခင်းမျိုးပဲလေ။ သူနဲ့သိတဲ့ ဆရာဝန်လည်း ကျနော်မေးသေးတယ်။ ဟုတ်တယ်တဲ့ သူက အရက်တော့ အလွန်အကျွံ သောက်တယ်။ ဒါပေမယ့်အလုပ်တော့ လုပ်တယ်တဲ့။ ကျန်တာကတော့ ဘာမှမရှိဘူး။ ပြင်ပ ဒဏ်ရာဒဏ်ချက်လည်း မရှိဘူး။ ကားပေါ်မှာ အရက်သောက်ပြီးတော့ သူက လေညင်းခံတဲ့ သဘောပေါ့။”
သေဆုံးသူ ဦးဇော်လင်းကိုရဲ့ အလောင်းကို ဒီကနေ့ မနက် ၂ နာရီအချိန်လောက် လွိုင်လင်လေး တိုက်နယ်ဆေးရုံကတဆင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် လွိုင်ကော်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပါတယ်။