ပရီးမီးယားလိဂ်ပြိုင်ပွဲ ဇွန် ၁၇ ရက် ပြန်စမည်

ရပ်ဆိုင်းထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် ၁၇ ရက် ပြန်လည်စတင်သွားမယ်လို့ Telegraph သတင်းမှာဖော်ပြပါတယ်။  အဖွင့်ပွဲစဉ်တွေအဖြစ် မန်ချက်စတာစီတီးနဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့  ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေကို ကစားသွားမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြီးခဲ့တဲ့သုံးလနီးပါးကတည်းက ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ပြန်လည်စတင်နိုင်ဖို့ Project Restart ဆိုတဲ့ အစီစဉ်တခုကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။   ဒီအစီစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ကလပ်အသင်းတွေဟာ ကြာသာပတေးနေ့မှာ တွေ့ဆုံခဲ့ကြပြီး ဇွန်လ ၁၇ ရက်မှာပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။   ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ ပြန်လည်စတင်မယ့်လိဂ်ပွဲစဉ်တွေကို သြဂုတ် ၂ ရက်မှာ အပြီးသတ်ကျင်းပသွားဖို့ မျှော်လင့်ထားပြီး FA ဖလားဗိုလ်လုပွဲကို သြဂုတ် ၈ ရက်၊ ၉ တရက်ရက် ကျင်းပသွားဖို့ရှိနေပါတယ်။  အာဆင်နယ်အသင်းနည်းပြ မိုက်ကယ်အာတီတာနဲ့ ချဲလ်ဆီးလ်တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းတို့မှာ ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ရပြီးနောက် မတ် ၁၃ ရက်မှာ ပရီးမီးယားလိဂ်ကို  ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစောပိုင်းက လိဂ်ကို ဧပြီလထဲ ပြန်လည်စတင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ဗိုင်းရပ်စ်ပျံ့နှံ့မှုအခြေအနေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့  ကျန်းမာရေးဆိုင်ရာ မသေချာမရေရာမှုတွေကြောင့် ပြန်လည်စတင်မယ့်အချိန်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။  ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကိုပြန်လည်စတင်ဖို့ ကလပ်အသင်းတွေဟာ ဆွေးနွေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးဆွေးနွေးမှုတွေမှာ ကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိမရှိ သုံးကြိမ်တိုင်တိုင်စစ်ဆေးဖို့လည်း ပါဝင်ခဲ့ပါတယ်။  လက်ရှိအချိန်အထိ  ပြန်လည်စတင်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်အတည်ပြုမှု မရှိ သေးပေမယ့် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ကစားသမားတွေကို အစုအဖွဲ့နဲ့ လေ့ကျင့်ရေး ပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့ပြီပဲဖြစ်ပါတယ်။  လက်ရှိ အမှတ်ပေးဇယားမှာ ရပ်တည်မှုတွေအရ လီဗာပူးလ်အသင်းဟာ နောက်ထပ် လိဂ်ပွဲနှစ်ပွဲကိုအနိုင်ကစားပြီး ခြောက်မှတ်ရရှိရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်တော့ မှာ  ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up