ကော်တင်ဟိုကို အငှားဖြင့်ခေါ်ယူရန် ဘာစီလိုနာ ကမ်းလှမ်းချက် အာဆင်နယ်ပယ်ချ

581
ဖိလစ်ပီကော်တင်ဟိုကို အငှားနဲ့ခေါ်ယူဖို့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို အာဆင်နယ်အသင်းက ပယ်ချခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူဟာ ဂျာမနီကလပ် ဘိုင်ယန် မြူးနစ်အသင်းမှာ တရာသီအငှားနဲ့သွားကစားနေရသူဖြစ်ပြီး သူ့ရဲ့ယူရိုသန်း ၁၂၀ ပြောင်းရွေ့ကြေးကြောင့် ဘိုင်ယန်ဘက်က အပြီးသတ်ခေါ်ယူလိုစိတ်မရှိပါဘူး။
ကော်တင်ဟိုဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ ရုံခါဖို့ စီစဉ်ထားတဲ့ ကစားသမားတွေထဲက တဦးဖြစ်ပြီး အသင်းဘက်က သူနဲ့လိုက်လျောညီထွေဖြစ်မယ့်အသင်းတွေကိုလည်း ရှာဖွေထားခဲ့ပြီးဖြစ်ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ ထွက်လာတဲ့သတင်းတွေအရ အာဆင်နယ်အသင်းဟာ ကီယာဂျိုရတ်ချင်နဲ့ စကားပြောဆိုမှုပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ကီယာဟာ ကော်တင်ဟို ပရီးမီးယားလိဂ်ကို ရောက်ရှိလာစေဖို့အတွက် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ESPN သတင်းမှာတော့ ကော်တင်ဟိုကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းက အာဆင်နယ်အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာကာဘက်ကနေ တောင်းဆိုတဲ့အချက်တွေကြောင့် အာဆင်နယ်အသင်းက သူ့ကိုခေါ်ယူသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။
သတင်းအရ ဘာစီလိုနာဘက်က ကော်တင်ဟိုကို အငှားခေါ်ယူကြေးအဖြစ် ပေါင် ၁၀ သန်းတောင်းဆိုထားပြီး အာဆင်နယ်ဘက်က ကစားသမား ရဲ့တစ်ပတ်ပေါင် ၂၅၀,၀၀၀ လစာကိုလည်း ပေးချေသွားရမှာဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် အာဆင်နယ်အသင်းက သူ့ကိုခေါ်ဖို့ လက်ရှောင်သွားခဲ့တာဖြစ်ပြီး ကော်တင်ဟိုနဲ့ သတင်းထွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒီတောင်းဆိုမှုမျိုး ကို လက်ခံသွားဖို့မရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကော်တင်ဟိုကို ခေါ်ယူဖို့ဆက်သွယ်လာတဲ့ အသင်းမရှိသေးဘူးလို့ ကစားသမားရဲ့အပြောင်းအရွှေ့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကီယာကပြောပါတယ်။