DVB Logo
Home
မြန်မာသတင်း
နယ်မြေကနေ မပြောင်းရွှေ့ပေးနိုင်ကြောင်း ဒီကေဘီအေ ပြော
DVB
·
May 3, 2013
နယ်မြေကနေ မပြောင်းရွှေ့ပေးနိုင်ကြောင်း ဒီကေဘီအေ ပြော
Donate to DVB

အစိုးရနယ်မြေခံတပ်က မတ် ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ဒီကေဘီအေတပ်ရင်း ၉၀၅ ကို နေရာကနေ ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးထားပေမယ့် ဖယ်မပေးနိုင်ဘူးလို့ ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်) တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

[caption id="attachment_39096" align="alignright" width="300" caption="ဗိုလ်မှူး ဆန်းအောင်"][/caption]

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အရှေ့ပိုင်းတလျှောက်မှာ အခြေချနေတဲ့ ဒီကေဘီအေ ၉၀၅ တပ်ရင်းကို ဟတ်ကြီးရေကာတာတည်ဆောက်ရေးအတွက် နယ်မြေရှင်းလင်းဖို့  အစိုးရတပ်ရင်း ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ဒီကေဘီအေ ဗျူဟာမှူးဆီ မနေ့က စာပေးပို့ပြီး ဖယ်ရှားခိုင်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

“ကျနော်တို့မှာ ဖယ်စရာ မြေလည်းမရှိတော့ဘူး။ ဒီလိုဖယ်ခိုင်းတယ်ဆိုတာ လာပြီး ကျနော်တို့ကို အနိုင်ကျင့်တယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ကို ခြိမ်းခြောက်တယ်လို့လည်း ခံစားရတယ်။ အဲလို ခြိမ်းခြောက်တယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကြီးမားတဲ့ ဂယက်ရိုက်မယ်လို့ ကျနော်တို့ နားလည်တယ်။ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာလုပ်မယ်ဆိုရင် ကျနော်တို့ကို ခြိမ်းခြောက်စရာမလိုဘူး။”

ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို အစိုးရနဲ့လုပ်နေတာဖြစ်ပြီး တပ်က အခုလို လာပြီး ခြိမ်းခြောက်တာမျိုးတော့ လက်မခံနိုင်ဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ တပ်က ကျနော်တို့ကို ဒီလို အမိန့်လာပေးတယ်။ လက်ရှိ နိုင်ငံတော်အစိုးရကလည်း တမျိုး၊ သူ့တပ်ကလည်း တမျိုး ကျနော်တို့အနေနဲ့ ဘယ်သူ့စကား နားထောင်ရမှန်းမသိဘူး။ ကျနော်တို့ တရားဝင်လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရအဖွဲ့နဲ့ လက်မှတ်ထိုးတာ။ လက်ရှိ သူ့တပ်မတော်က ကျနော်တို့ကို ဒီလို အမိန့်ပေးစရာလည်း အကြောင်းမရှိဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အစိုးရကနေ တရားဝင် စာနဲ့ပေနဲ့ လာရမယ်။ တပ်က မင်းတို့ မဖယ်ရင် ပစ်မယ်ဆိုရင် ကျနော်တို့က ပြန်တုံ့ပြန်မယ်ဆိုတာ ရဲရဲတင်းတင်း ကျနော်ပြောတယ်။”

ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်က ငြိမ်းချမ်းရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ပြောကြားထားတာဖြစ်ပြီး အစိုးရက ပစ်ခတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိပြဿနာ ပြေလည်ရေးအတွက် ဒီကေဘီအေက  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကို ဆက်သွယ်နေတတယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့တာကို ရပ်မပေးတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး  ဒီကေဘီအေနဲ့ အစိုးရတပ်အကြား ဧပြီ ၂၈ ရက်နေ့ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် မနေ့က စာရေးပေးပို့ပြီး နယ်မြေကနေ ဖယ်ရှားခိုင်းခဲ့တာပါ။

ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့  ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ  နယ်ခြားစောင့်တပ်တွေအကြား ဇန်န၀ါရီ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013