ရွှေဘိုမြို့က ကျန်းမာရေးဝန်ထမ်း ၁၅၀ ကို အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့
DVB
·
May 28, 2020

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မေလ ၂၈ ရက်မနက်ပိုင်းက We love Shwebo အဖွဲ့ကနေပြီး ကျန်းမာရေးဝန်ထမ်း ၁၅၀ ကို အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။
We Love Shwebo အဖွဲ့မှ ဦးအောင်ကိုကိုက “ကျန်းမာရေးဝန်ထမ်းတွေရဲ့နောက်မှာ လူထုရှိတယ်ဆိုတာ သိစေဖို့နဲ့ ကပ်ရောဂါဆိုးကို ရှေ့တန်းက ရင်ဆိုင်းပေးနေတဲ့ ကျန်းမာရေး အဖွဲ့တွေကို အားပေးထောက်ပံ့ ကူညီခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း ၇၅ ဦးနဲ့ ပြည်သူ့ဆေရုံကြီး(ကုသ)က ၇၅ ဦး စုစုပေါင်း ၁၅၀ ဦးအတွက် တဦးကို ဆန် ၆ ပြည်၊ ဆီ ၁ လီတာ ၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ ၂ ဘူးနှုန်း ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၂၈ သိန်းဖိုးရှိပါတယ်။
We Love Shweboအဖွဲ့အနေနဲ့ ဒါဟာဒုတိယအကြိမ်မြောက်ကူညီထောက်ပံ့တာဖြစ်ပြီး ပထမအကြိမ်က Quarantine ဝင်နေသူတွေ၊ လုံခြုံရေးဆောင်ရွက်သူတွေ၊ ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က လူဦးရေ ၂၀၀ လောက်ကိုလည်း အစားအသောက်တွေ ကူညီထောက်ပံ့ပေးခဲ့ ပါတယ်။
သတင်း- အောင်စံလင်း