DVB Logo
Home
မေးမြန်းခန်း
ဒီလအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲများရှိ
DVB
·
May 3, 2013
ဒီလအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲများရှိ
Donate to DVB

ဒီလအတွင်းမှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ ကေအိုင်အို၊ ယူအင်အက်ဖ်စီ၊ ကေအဲန်ပီပီတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြားဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

[caption id="attachment_37368" align="alignleft" width="300" caption="ဦးလှမောင်ရွှေ"][/caption]

“၀န်ကြီးဦးအောင်မင်းကတော့ ပြီးခဲ့တဲ့ လ ၂၅ ရက်က အဆိုပြုလွှာပေးထားတယ်။ ကေအိုင်အိုအဖွဲ့အစည်းဘက်ကလည်း သူတို့ဘက်က တက်ရောက်စေချင်တဲ့ (observer) လေ့လာသူတွေ တက်ရောက်နိုင်ဖို့ကိစ္စကို ကျနော်တို့ ပြင်ဆင်ညှိနှိုင်းနေဆဲ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ဘက်က ပြောနိုင်တာတော့ နောင်လာမယ့်အပတ်ပေါ့။ အဲလောက်တွေမှာဖြစ်နိုင်ဖို့ ဒီဟာကိုမျှော်လင့်ပြီးတော့ ပြင်ဆင်တာ၊ ဒီလောက်ပဲရှိပါတယ်။”

ကေအိုင်အိုဘက်ကရော ဘယ်လိုသဘောထားရှိလဲ။ ဘယ်မှာဆွေးနွေးမယ်ဆိုတာနဲ့ ပတ်သက်လို့။

“ကေအိုင်အိုဘက်ကလည်း သူတို့ဘက်က သူတို့ရဲ့ လိုလားချက်နဲ့ သူတို့ရဲ့ လေ့လာသူကိစ္စကိုတော့ ဦးအောင်မင်းနဲ့ ညှိနှိုင်းနေဆဲပေါ့။”

မြစ်ကြီးနားလား။ ရွှေလီ (တရုတ်နိုင်ငံ) လား။

“ဦးအောင်မင်းကတော့ မြစ်ကြီးနားမှာ ကျင်းပဖို့ အဆိုပြုထားတာပေါ့။ ဒါကတော့ တဖက်အဖွဲ့အစည်းသဘော၊ ညှိနှိုင်းလို့ သဘောတူရင်တော့ မြစ်ကြီးနားမှာ ဖြစ်မှာပေါ့။ ကျနော်ကတော့ မြစ်ကြီးနားဖြစ်နိုင်တယ်လို့ မျှော်လင့်ထားတာပေါ့။ အခုကတော့ ၀န်ကြီး ဦးအောင်မင်း ညှိနှိုင်းနေပါတယ်။  ဟိုဘက်ဒီဘက်အချက်အလက်တွေကြောင့်။”

ကချင်နဲ့မတိုင်ခင် ကရင်နဲ့တွေ့ပြီး နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ်စည်းမျဉ်း (code of conduct) ညှိမယ်လို့ ကြားသိရပါတယ်၊ အဲဒီကိစ္စပြောပြပါ။

“ကရင်နဲ့က ဟိုးတလောတုန်းက ကျနော်တို့ ဘားအံမှာလုပ်နေတဲ့ ကရင်ရေးရာအစည်းအဝေးမှာ မတိုင်ခင်မှာ ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ ၃ ဦးနဲ့ ဦးအောင်မင်းနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အချိန်မှာ ကေအန်ယူနဲ့ ကျနော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြီး မလုပ်ခင်မှာ (code of conduct) အပါအ၀င် အခြားကြိုတင်ပြင်ဆင်ညှိနှိုင်းတဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေလုပ်ဖို့ လိုပါတယ်။ အဲဒါတွေလုပ်ဖို့ အခု ဘယ်နေ့ ဘယ်ရက်လာမယ်၊ ဘယ်ဟာတွေ ပြောမယ်ဆိုတာတော့ လုပ်နေပါတယ်။ ကေအိုင်အိုနဲ့က အရင်ဖြစ်ပါလိမ့်မယ်။”

ဦးလှမောင်ရွှေတို့ တက်ရောက်တဲ့ ချင်းမိုင်ပွဲ (တိုင်းရင်းသားမဟာမိတ် ယူအန်အက်ဖ်စီနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အကြား နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိပွဲ) က ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပတယ်။ နောက် ၂ လအတွင်း ထပ်တွေ့မယ်လို့ ကြေညာပြီး ၂ လပြည့်တဲ့ ဧပြီ ၂၀ မှာ ဘာလို့ မကျင်းပဖြစ်တာလဲ။ အဲဒီအစည်းအဝေး ဘယ်တော့ဖြစ်မလဲခင်ဗျာ။

“ဟုတ်ကဲ့။ ယူအင်အက်ဖ်စီနဲ့က ၀န်ကြီးဦးအောင်မင်းက မေလထဲမှာ သူ ဆောင်ရွက်နိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့ကို သူ့အနေနဲ့ ပြောထားတာကတော့ ဆွေးနွေးပွဲ ၄ ခုလောက်ဖြစ်ဖို့ သူပြင်ဆင်နေပါတယ်၊ နံပါတ် ၁ ကတော့ ပထမဦးစားပေးကတော့ ကေအိုင်အိုပါ။ ဒုတိယက ကေအဲန်ယူ။ နောက် တတိယက ယူအန်အက်ဖ်စီနဲ့ ကေအဲန်ပီပီပါ။ အဲဒီ ၄ ခုလုံးကို မေလတွင်းမှာ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်။ တဖက်က ဆွေးနွေးမယ့်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ ယူအဲန်အက်ဖ်စီဘက်ကတော့ သူတို့ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (political dialogue framework) ကို ဆွေးနွေးမှာဖြစ်တဲ့အတွက် သူတို့ဘက်မှာလည်း ပြင်ဆင်နေဆဲလို့ပဲ နားလည်တယ်လေ။ ရက်ကတော့ ကျနော်တို့လည်း ပြန်မညှိရသေးဘူး။ ၀န်ကြီးဦးအောင်မင်းကလည်း မနေ့ကမှ ခရီးသွားတာ၊ ပြန်လာတော့ သူလည်း အခုတော့ အလုပ်လုပ်နေပါတယ်။”

နိုင်ငံတော်သမ္မတကြီး ပြောကြားတဲ့ ဇွန်လလောက်ဆို ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ အလားအလာဖြစ်ကောင်းဖြစ်နိုင်တာက အခုနှုန်းအတိုင်းဆို ဖြစ်နိုင်ခြေရှိပါလား။

“ပထမအဆင့်ကတော့ တဖွဲ့ချင်းနဲ့ ပိုပြီး ရလဒ်တွေရှာဖွေ ဆွေးနွေးဖို့လိုတယ်လို့ မှတ်ယူပါတယ်။ ဒုတိယကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေမလုပ်ခင်မှာ အဲအတွက် မူဘောင်တွေ အထူးသဖြင့် ယူအန်အက်ဖ်စီလိုအဖွဲ့တွေနဲ့ လုပ်ဖို့လိုတယ်။ အဆင့်လိုက်ကတော့ သွားနေရမှာပဲ။ ဒီဘက်ကပြင်ဆင်တာကတော့ မေလထဲ အစည်းအဝေး ၄ ခုလောက်လုပ်ဖို့ ရှိတယ်။ ရက်နီးရင် ရှေ့တိုးနောက်ဆုတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။”

ရှမ်းပြည်တပ်မတော်နဲ့ အစိုးရအကြားမှာ ထပ်ခါထပ်ခါ ပစ်ခတ်မှုတွေပြန်ဖြစ်နေတဲ့အပေါ်မှာ ဘာကြောင့်လဲဆိုတာ ဒေသခံတွေက နားမလည်နိုင်ဘူးဖြစ်နေတယ်။ ဒါကိုလည်း ရှင်းပြပေးပါ။

“ကျနော်နားလည်သလောက်ပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့နိုင်ငံလို အဖွဲ့ပေါင်းများစွာနဲ့ တပြိုင်တည်း လုပ်ရတာမျိုး ဖတ်ဖူးမမှတ်ဖူးသေးဘူး ပြောရမယ်။ နောက် စွမ်းရည် ပြဿနာလည်း ရှိမယ်။ နောက် လက်နက်ကိုင်သူအချင်းချင်းကြားမှာ လုပ်ရတဲ့ ငြိမ်းချမ်းရေးဖြစ်လို့ အချိန်တခုလိုမယ်။ ရှမ်းပြည်နဲ့ဖြစ်တဲ့တိုက်ပွဲတွေတချို့က ဘယ်တပ်ဖွဲ့ဘယ်နားမှာနေဆိုတဲ့ တိတိကျကျ ညိနှိုင်းဖို့ကလည်း ကျန်တော့ ဒါကြောင့်လို့ ယူဆပါတယ်။ အပစ်အခတ်ရပ်စဲပြီးပေမယ့် ထိတွေ့မှုရှိကောင်းရှိနိုင်တယ်လေ။ မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါတွေကိုတော့ လျှော့ချဖို့လုပ်နေတယ်။”

မြန်မာ့တပ်မတော်က အရင်ကထက်စာရင် သတင်းတွေထုတ်ပြန်မယ့် အစီအစဉ်တွေရှိလာတယ်ဆိုတဲ့ သတင်းစလေးကြားလိုက်ပါတယ်။ ဘယ်တော့လောက် စမယ်လို့ ကြားပါလဲ။

“တပ်မတော်က ဆောင်ရွက်မယ်လို့ ကြားတယ်။ အသေးစိတ်တော့ ကျနော်မသိဘူး။ ကျနော်က မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ဆိုင်တာတွေကိုပဲ မီဒီယာတွေကို ရှင်းပြဖို့ပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013