Homeမြန်မာသတင်း
ဆားလင်းကြီးမြို့နယ် ဆုံတားကျေးရွာတွင် ရေနုတ်မြောင်းကြောင့် ရေဝင်မှာကို တောင်သူများ စိုးရိမ်
ဆားလင်းကြီးမြို့နယ် ဆုံတားကျေးရွာတွင် ရေနုတ်မြောင်းကြောင့် ရေဝင်မှာကို တောင်သူများ စိုးရိမ်
DVB
·
May 28, 2020
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဆုံတားကျေးရွာမှာ ကုန်ထုတ်လမ်းဖောက်လုပ်စဉ် ရေနုတ်မြောင်းတွေဟာ ကျေးရွာအထိ လမ်းတလျောက်မပါရှိတဲ့အတွက် မိုးရွာလာပါက လယ်ယာမြေတွေနဲ့ ကျေးရွာအတွင်း ရေဝင်မှာကို ဒေသခံတောင်သူများအနေနဲ့ စိုးရိမ်နေကြ ပါတယ်။
ဆုံတားကျေးရွာ ကုန်ထုတ်လမ်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး လမ်းဘေးဝဲယာ ရေနုတ်မြောင်း တူးဖော်ရာမှာ အပြည့်အစုံ မပါရှိတာကြောင့် မိုးကျလာလို့ ရေများလာရင် လယ်ယာတွေအပြင်ကျေးရွာအတွင်းမှာပါ ရေဝင်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ
ဆုံတားကျေးရွာနေ ဦးဘကောင်းက "ရေနုတ်မြောင်းက ကျေးရွာအထိ ပါမလာတော့ တဘက်ကလယ်ကွင်းထဲမှာ ကျတဲ့ရေနဲ့ရွာကြားလမ်းက ဆင်းလာတဲ့ရေက ထွက်ပေါက်မရှိဘူးဆိုရင် ရေက ရွာထဲလျှံလာမှာပါ။ ကိုယ်ထူကိုယ်ထ ပြန်လုပ်ရမယ်ဆိုရင်လည်း ရွာက မတတ်နိုင်ကြဘူး။ ရှေ့လျှောက်ဆို မိုးက လာတော့မှာ။ အဲ့ဒီကျရင် အကုန်ဒုက္ခရောက်ကြမှာ " လို့ ပြောပါတယ်။
လမ်းဖောက်လုပ်စဉ်အခါက နိုင်ငံတော်က ဘတ်ဂျက် ကျပ် ၂၉ ဒသမ ၂ သန်းချပေးခဲ့ပြီး စီမံချက်ထဲမှာကျေးရွာအထိ ရေနုတ်မြောင်းဖောက်လုပ်ဖို့ မပါရှိတဲ့အတွက် အခုလို အခက်ခဲကို နိုင်ငံတော်မှ ဖြေရှင်းပေးဖို့ ဒေသခံတွေကလိုလားနေကြပါတယ်။
ဒေသခံတောင်သူ ဦးတင်ဆောင်က " ရေနုတ်မြောင်းက အဆုံးထိပါမလာဘူး။ နောက်ပြီး လယ်ယာအချင်းချင်း ဖြတ်သန်းသွားလာဖို့ဆိုတာလဲ ကွင်းရှောင်လမ်း လုပ်မထားတော့ ထွန်စက်ဖြတ်သွားရင်တောင် ရေရှည်မှာ တောင်သူအချင်းချင်း ပြဿနာတတ်သွားနိုင်တယ်။ ဒါကို နိုင်ငံတော်က ဖြေရှင်းပေးစေလိုတာပါ " လို့ ပြောပါတယ်။
အဆိုပါ ဆုံတားကျေးရွာ ကုန်ထုတ်လမ်းဟာ အရှည် ၆ ဖာလုံ နဲ့ လမ်းအကျယ် ၁၂ ပေ ရှိပြီး ဂျင်းမြေသားလမ်းအဖြစ် ဖောက်လုပ်ထားထားတာ ဖြစ်ပါတယ်။
ဆုံတားကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ဒေသခံအများစုက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတာ ဖြစ်ပါတယ်။
သတင်း- ရန်နိုင်စိုး