ချောက်မြို့က မော်တော်ယာဉ်လိုင်းများကို အခြေခံစားကုန်များ ထောက်ပံ့
DVB
·
May 28, 2020
မကွေးတိုင်း၊ ချောက်မြို့မှာ မြို့နယ်ယာဉ်ကြီးကြပ်ရေး ကော်မတီက မြို့ကို အခြေပြု ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေအတွက် ဒီကနေ့မနက် အခြေခံစားကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မြို့နယ် ယာဉ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်ရွှေက ပြောပါတယ်။
“ကားစာရင်းကိုပဲ တွက်ပြီးတော့ ကားတစ်စီးကို ဆန် ၈ ပြည်နဲ့ ဆီတစ်ပိဿာ စီဝေပေးတာ။ သူတို့လည်း နားထားရတာ တော်တော်ကြာပြီလေ။ ဒရိုင်ဘာနာမည်၊ စပယ်ယာအမည်နဲ့ဆို မလွယ်ဘူးလေ။ ဒီစာရင်းကို တော်တော်ပြုစုရတာ။ ကိုယ်ကားနံပါတ်နဲ့ရတဲ့ ဟာကို ပြီးမှ ဒရိုင်ဘာနဲ့ စပယ်ယာကို ခွဲပေးလိုက်မှာပေါ့။ မြို့ကကားတွေတင် မဟုတ်ဘူး။ တခြားမြို့မှာ အခြေစိုက်ပြီး ဒီမှာ လာဖွင့်တဲ့လိုင်းတွေလည်း ထည့်ပေးထားတယ်”
ချောက်မြို့ကနေ တခြားမြို့တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ဂိတ်ပေါင်း ၃၅ ဂိတ်မှ မော်တော်ယာဉ်ပေါင်း ၄၂၅ စီး ရှိကြောင်းနဲ့ ဂိတ်မှူး၊ဂိတ်လုပ်သားတို့ကိုလည်း ဧပြီလ လယ်ပိုင်းက တစ်ကြိမ် ထောက်ပံ့ပေးဝေခဲ့ပါတယ်။
အခုပေးဝေမှုကိုတော့ ယာဉ်ကြီးကြပ်ရေးကော်မတီ ရန်ပုံငွေကနေ သုံးစွဲတာဖြစ်ပြီး ကျပ်သိန်း ၅၀ ကျော်ကုန်ကျတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မော်တော်ယာဉ်လိုင်းတွေကို ဧပြီလမှ စတင် ရပ်နားထားခဲ့ရတာဖြစ်ပြီး လက်ရှိ မေလကုန်အထိ တိုင်းကျော် ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းတွေ ရပ်နားထားရပြီး တိုင်းအတွင်း ခရီးစဉ်တွေကိုတော့ မေလ ၁၆ ရက်နေ့က ညွှန်ကြားချက်နဲ့ အညီ စတင် ပြေးဆွဲနေပါတယ်။
သတင်း- ကိုလင်း(ချောက်)