Homeမြန်မာသတင်း
မကွေးတိုင်းတွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၉ လုံးပြိုကျ၊ ၉၆ လုံး တစိတ်တပိုင်းပျက်စီး
မကွေးတိုင်းတွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၉ လုံးပြိုကျ၊ ၉၆ လုံး တစိတ်တပိုင်းပျက်စီး
DVB
·
May 28, 2020
မကွေးတိုင်းမှာ မေလ ၂၇ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၉ လုံးပြိုကျကာ နေအိမ် ၉၆ လုံးနဲ့ ဘာသာရေးအဆောက်ဦတချို့ ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက "မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့ မကွေးမြို့နယ်ထဲမှာ ပြိုကျနေအိမ် ၂ လုံး၊ တစိတ်တပိုင်း ပျက်စီးတဲ့ နေအိမ် ၈ လုံး၊ ဘာသာရေးအဆောက်ဦး ၂ လုံး အမိုးလန်ပျက်စီးပြီး လူဦးရေ ၃၉ ဦးလေဘေးသင့်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ရေနံချောင်းမြို့နယ်အတွင်းမှာ ပြိုကျနေအိမ် ၁ လုံး၊ တစိတ်တပိုင်း ပျက်စီးတဲ့ နေအိမ် ၂၄ လုံး၊ ဘာသာရေးအဆောက်ဦတလုံး အမိုးလန်ပျက်စီးပြီး လူဦးရေ ၁၂၀ လေဘေးသင့်ခဲ့ပါတယ်။
မြို့သစ်မြို့နယ်ထဲမှာ နေအိမ် ၇ လုံး တစိတ်တပိုင်း ပျက်စီးကာ လူဦးရေ ၂၈ ဦး လေဘေးသင့်ခဲ့ပါတယ်။
နတ်မောက်မြို့နယ်ထဲမှာ နေအိမ် ၁ လုံးပြိုကျကာ နေအိမ် ၇ လုံး တစိတ်တပိုင်း ပျက်စီးပြီး လူဦးရေ ၃၇ ဦး လေဘေးသင့်ခဲ့ပါတယ်။
ချောက်မြို့နယ်အတွင်းမှာတော့ ပြိုကျနေအိမ် ၅ လုံး၊ တစိတ်တပိုင်း ပျက်စီးတဲ့နေအိမ် ၅၀ ရှိပြီး ဘေးသင့်လူဦးရေ စာရင်းမရရှိသေးပါဘူးလို့ သိရပါတယ်။
လေဘေးသင့်ပြည်သူတွေနဲ့ ပျက်စီးခဲ့တဲ့နေအိမ်တွေကို အိမ်ဆောက်ပစ္စည်းဖိုးနဲ့ ဆန်ရိက္ခာဖိုး ငွေတွေ ထောက်ပံ့ပေးဖို့ စီစဥ်နေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲ့မှု ဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး