ဘင်္ဂလားဒေ့ရှ်တွင် ဆေးရုံတရုံမီးလောင်၊ ကိုဗစ်-၁၉ လူနာ ၅ ဦးသေဆုံး

1K
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆေးရုံတရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့အတွက် ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ မီးသတ်တပ် ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ မေလ ၂၇ ရက်နေ့ ညပိုင်းက ယူနိုက်တက်ဆေးရုံမှာဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုဟာ ဆေးရုံလေအေးပေးစက်ပေါက်ကွဲမှုကနေ စတင်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကာမူးဟာဆန်က ပြောပါတယ်။
“မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အချိန် ၁ နာရီအတွင်းမှာပဲ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူ ၅ ယောက်ကတော့ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်။”
အရှိန်မထိန်းနိုင်ဘဲ မီးကို ပိုမိုကူးစက်စေခဲ့တာကတော့ မီးလောင်လွယ်တဲ့ အရာတွေဖြစ်တဲ့ လက်သန့်စင်ဆေးရည်တွေကြောင့်ဖြစ်နိုင်တယ်လို့ ဒါကာမြို့တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဆူဒစ်ပ်ကူးမားချက်ကရာဘော်တီက ပြောပါတယ်။
သေဆုံးရသူ ၅ ယောက်ကတော့ အသက် ၄၅ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံတာဝန်ကျ ဆရာဝန်တယောက်ကတော့ ခုလိုမီးလောင်ကျွမ်းမှုကြောင့် လူနာအားလုံး အထိတ်တလန့်ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။
“ကျနော်တို့က အရင်ကတည်းက (ဒီကပ်ဘေးကြောင့်) လုပ်ငန်းခွင်တွင်း စိတ်ဖိစီးမှုတွေ ရှိနေခဲ့တာလေ။ မီးလောင်မှုထပ်ဖြစ်တော့ ကျနော့်တို့ကို ပိုပြီးတော့ ခေါင်းခဲစေတာပေါ့” လို့ သူက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၄ သောင်းနီးပါးရှိလာနေပြီး သေဆုံးသူ ၅၄၄ ယောက်ရှိလာခဲ့ချိန်မှာတော့ ဆေးရုံတွေအနေနဲ့ စောင့်ရှောက်ကုသရေးလုပ်ငန်းတွေနဲ့ လုံးပန်းနေကြရချိန် ဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူတွေကလည်း ခုသီတင်းပတ်အတွင်း ဆေးရုံတွေအားလုံးကို ကိုဗစ်-၁၉ တိုက်ဖျက်ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။