ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ပင်စင်စားသက်ကြီးရွယ်အိုများကို ငွေကြေးထောက်ပံ့ပေးမည်

မြန်မာ့စီးပွားရေးဘဏ်နံသါ ပင်စင်ထုတ်ယူနေသည့် အစိုးရ ပင်စင်စားများ (ဓာတ်ပုံ - MOI)
ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ ပင်စင်စားသက်ကြီးရွယ်အိုတွေအတွက်  ကပ်ဘေး ကာလအတွင်း  ငွေကြေးထောက်ပံ့ရေးအစီအစဉ်အဖြစ်  ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးဖို့ အစိုးရက လုပ်ဆောင်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ ၉ သန်း ( မြန်မာငွေ ကျပ် ၁၂ ဘီလီယံကျော်ကို အသုံးပြုသွားဖို့ လုပ်ဆောင်နေတာပါ။   ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့  အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (LIFT ) တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူမှုရေးပင်စင်အစီအစဉ်မှာ ခံစားခွင့် ရရှိသူ အသက် ၈၅ နှစ် အထက် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ မွေးဖွားလာတဲ့ကလေးတွေ အသက် ၂ နှစ်ပြည့်တဲ့အထိ ငွေကြေးထောက်ပံ့ပေး သွားမှာပါ။  အကျိုးခံစားခွင့်ရရှိသူ တဦးချင်းကို  ထောက်ပံ့မှုအနေနဲ့ ငွေကျပ် ၃၀၀၀၀ ကို  ထောက်ပံ့ပေး သွားမှာဖြစ်ပြီး လာမယ့်အပတ်အတွင်း ထောက်ပံ့ပေးသွားဖို့ လုပ်ဆောင်နေပါတယ်။  ဒီအစီအစဉ်ကနေ  တစ်နိုင်ငံလုံးရှိ လူဦးရေ ၄ သိန်းကျော်အပေါ်  တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုကို လျော့ပါးစေဖို့နဲ့ သွယ်ဝိုက်အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနကနေ စီမံကိန်းထား လုပ်ဆောင်နေတဲ့  ရခိုင်၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိ  ကိုယ်ဝန်ဆောင်နဲ့ အသက် ၂ နှစ်အောက်ကလေးငယ်ရှိတဲ့ မိခင်တွေကို လက်ရှိလစဉ်ထောက်ပံ့ပေးနေတဲ့ ငွေကျပ် ၁၅၀၀၀ အပြင် ငွေကျပ် ၃၀၀၀၀ ကို ထပ်ဆောင်းပေးအပ်ဖို့ ပြင်ဆင်ထားပါတယ်။   အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT) အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်း ပေးအပ်သွားမယ်လို့  ဧပြီလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။  သတင်း - နန့်ခိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up