DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာကြည့်တိုက် နေပြည်တော်တွင် ဖွင့်လှစ်
DVB
·
May 3, 2013
အမျိုးသားစာကြည့်တိုက် နေပြည်တော်တွင် ဖွင့်လှစ်
1 / 2
Donate to DVB

ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသားစာကြည့်တိုက်ကို နေပြည်တော်မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ဒီမနက်ပိုင်းက နေပြည်တော် ရာဇသင်္ဂဟလမ်းပေါ်က ကုမုဒြာကြာပန်းအ၀ိုင်းအနီးမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ပြီးရင် ဒုတိယမြောက် အမျိုးသားစာကြည့်တိုက် ဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ဟာ ပြည်သူလူထုရဲ့ ပညာရှာမှီးရာ၊ ဗဟုသုတပြန့်ပွားရာ နေရာဖြစ်လာဖို့နဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားစာပေစု၊ အမွေအနှစ် ဗဟိုဌာနဖြစ်လာစေဖို့ မျှော်မှန်းဖွင့်လှစ်တာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုပါတယ်။

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) မှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊  အခြားဘာသာများနဲ့ ရေးသားထားတဲ့ စာအုပ်၊ စာတမ်း၊ စာနယ်ဇင်း ရည်ညွှန်းစာအုပ်၊ ဘွဲ့ယူကျမ်း၊ အာဆီယံစာစု၊ ကုလသမဂ္ဂ စာစု၊ သီးသန့်စာစု၊ ရှေးဟောင်းသုတေသနဆိုင်ရာ စာဆု၊ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အင်္ဂလိပ်သာဘာနဲ့ ရေးသားထားတဲ့ စာအုပ်များနဲ့ ကလေးစာစုများ အပါအ၀င် စုစုပေါင်း (၂ သိန်း ၄ သောင်းကျော်) စုဆောင်းထိန်းသိမ်းထားရှိပြီး စာကြည့်တိုက်ဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် စာဖတ်သူ ၄၈ ဦး တပြိုင်နက်တည်းသုံးနိုင်မယ့် e-library ကိုလည်း စီစဉ်ထားပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာ e-book များအပါအ၀င် e-book ပေါင်း ၁ သောင်း ၅ ထောင်ကို ဖတ်ရှုနိုင်မယ်လို့ ဆိုပါတယ်။

စုဆောင်းထားတဲ့ စာအုပ်တွေကို e-library မှာ ဖတ်ရှုနိုင်အောင် Digitization လုပ်နေတယ်လို့ ဆိုပါတယ်။ ကလေးတွေအတွက် ကလေးစာကြည့်တိုက်ကဏ္ဍကိုလည်း ဖွင့်လှစ် ၀န်ဆောင်မှုပေးထားပြီး အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်စာစောင်တွေ၊ ရုပ်ပုံကားချပ်တွေကို ထားရှိ ၀န်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

ကျန်ရှိတဲ့ ဆောက်လုပ်ဆဲ အဆောင် ၂ ခုကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက် အကောင်အထည်ဖော်ပြီး ပေ၊ ပုရပိုက် ထိန်းသိမ်းခန်းနဲ့ စာဖတ်ခန်း၊ မိုက်ခရိုဖလင်စာဖတ်ခန်း၊ special collection နဲ့ သီးခြားလှူဒါန်းထားတဲ့ စာအုပ်ခန်း၊ အထောက်အကူပြုစာဖတ်ခန်း၊ online library၊ tranining center၊ conference hall၊ anguage lab၊ စာပေပစ္စည်းထိန်းသိမ်းခန်းနဲ့ digitization အခန်းတွေ ဆက်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

အမျိုသားစာကြည့်တိုက် (နေပြည်တော်) ကို မြန်မာပြည်သူတွေနဲ့ သုတေသီတွေ အားကိုးအားထားပြုရတဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ အဆင့်မီ အပြည့်စုံဆုံး အမျိုးသားအဆင့်စာကြည့်တိုက်အဖြစ် ဆက်လက် အကောင်အထည်ဖော်မယ့်အကြောင်းနဲ့ ပုံနှိပ်လုပ်ငန်းရှင်တွေ၊ စာအုပ်တိုက်တွေ၊ စာပေလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ လစဉ်၊ အပတ်စဉ်၊ နေ့စဉ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်တွေကို လှူဒါန်းကြဖို့ တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း တသက်တာ စုဆောင်းထားတဲ့စာအုပ်တွေကို လှူဒါန်းလိုပါက သီးခြားလှူဒါန်းထားတဲ့ စာအုပ်များအခန်းမှာ  အလှူရှင်အမည်နဲ့ ထားရှိပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကို ၂၀၁၀ ခုနှစ် ဇွန် ၃ ရက်နေ့မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အဆောင် ၃ ဆောင် ပါဝင်ဖွဲ့စည်းထားတဲ့ သံကူကွန်ကရစ် ၁ ထပ် အဆောက်အဦ ဖြစ်ပါတယ်။ အဲဒီ ၃ ဆောင်အနက် ပထမအဆောင်ဟာ လုံးဝ ပြီးစီးသွားပြီဖြစ်တဲ့အတွက် စာအုပ်စာတမ်းတွေနဲ့ စာပေပစ္စည်းတွေကို ခင်းကျင်းပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် ပထမဆုံးစာကြည့်တိုက်က ရန်ကုန်မြို့ ရန်ကင်းမြို့မှာ ရှိပါတယ်။ ၁၈၈၃ ခုနှစ် ဗြိတိသျှခေတ်မှာ ဖွင့်လှစ်ခဲ့တဲ့  Bernard Free Library ကို ၁၉၅၂ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်စာကြည့်တိုက်အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ အမျိုးသားစာကြည့်တိုက်အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ မူလက ဂျူဗလီဟော အဆောက်အဦမှာ အခြေပြုရာကနေ ပန်းဆိုးတန်းလမ်းမ၊ အဲဒီနောက် တာမွေမြို့နယ်တွေကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013