ရန်ကုန်တက္ကသိုလ်မှာ ပြသခွင့်မရှိတဲ့ ပန်းချီကားများ

အခုကတော့ ကိုဗစ်-၁၉ ကပ်ဆိုးကြီး ကာလပါ။ ဟုမ်းစတေးမို့ အိမ်မှာနေ ဟိုတွေးဒီတွေး စိတ်ကူးရှည်ကြီး ဖြစ်နေမိပေါ့။ အိမ့််နောက်ဆီက ပိတောက်ပန်းနံ့ ရလာပြီ။ လက်ကျန်ပိတောက်တွေ ထပ်ပွင့်နေပြန်ပါရော့လား။      ပိတောက်လမ်းမှာ  မွှေးပျံ့စွာနှင့် ဘယ်ညာခြေလှမ်း ရိုင်ဖယ်ထမ်းရင်း လျှောက်ဖူးတယ်။      ရန်ကုန်လမ်းမှာ ပိတောက်ပင်အိုတွေ ဝါထိန်ထိန် ပွင့်နေကြတယ်။ စိတ်ကတော့ ကရင်ပြည်နယ်နဲ့ ကယားနယ်စပ်တောထဲက ပိတောက်ပင်တွေအောက် ရောက်သွားနေပေါ့။ ကျောင်းသားတဲ့ဗျာ။ ရန်ကုန်တက္ကသိုလ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေတဲ့။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ဆန္ဒပြပွဲနဲ့ စစ်တပ်ပစ်သတ်လို့ ကျောင်းသားရာကျော် ကျဆုံးတဲ့ပွဲ၊ ဇူလိုင် ၈ ရက် တကသ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့ကြတယ်။ ၁၉၇၄ ဦးသန့်သပိတ်။ ၁၉၈၈ ခုနှစ် ၈၈၈၈ ပြည့်သူ့အုံကြွအရေးတော်ပုံကြီးပြီးတော့ ကျောင်းသားတွေ တောထဲရောက်ပြီ။ ကျောင်းသားတပ်မတော် (သို့မဟုတ်) ကျောင်းသားလက်နက်ကိုင်တော်လှန်ရေး။ ဝေးခဲ့ရ ရန်ကုန်မြို့ပြလမ်းများ။ ဝေးကွာခဲ့ရ ရန်ကုန်တက္ကသိုလ်ဆီ နှစ် ၃၀ နီးပါး ဝေးနေခဲ့ ဝေးရက်များ။ ကိုဗစ်-၁၉ ကြောင့်၂၀၂၀ သင်္ကြန် လုပ်ခွင့်မရတာက ၁ နှစ်ထဲပါ။ ကျနော်တို့ တောတွင်းသူပုန် ကျောင်းသားတွေ တောပိတောက်ပင်ကြီးတွေအောက် သေနတ်တွေ ထမ်းရင်း သင်္ကြန်ပျောက်ခဲ့ကြတာ နှစ်ပေါင်း သုံးဆယ်ပါလား။ တွေးနေမိရဲ့ဗျာ။   'သူပုန်' တချို့က ယုံနေကြတယ် တချို့က...မယုံကြဘူး ဒါပေမဲ့.....မြုံနေကြတယ်။ တချို့ကတော့ ယုံလည်းမယုံဘူး မြုံလည်းမြုံမနေလို့ သူပုန်တွေ ဖြစ်ကုန်ကြတယ်။ ။ နိုင်မြန်မာ ကဗျာနဲ့ သူပုန်ထခြင်း ဆိုပြီး ကျနော် ကဗျာရေးချင်တယ်။ သူပုန် ကဗျာဆရာတွေကို လေးစားတယ်။ တောထဲက တိုက်ပွဲ ခံတုပ်ကျင်းတွေကြား ကဗျာရေးနေသူတွေကို မြတ်နိုးခဲ့တယ်။ မြတ်နိုးနေဆဲ။ မြို့ထဲက ခံတုပ်ကျင်းတွေမှာ ကဗျာရေးနေကြသူတွေဆိုလည်း လေးစားသပေါ့။ မြတ်နိုးမြဲပါ။ မြို့ပြက သူပုန်ကဗျာဆရာများကလည်း မြို့တွင်းပြောက်ကျား ကဗျာ့စစ်သည်တော်များ ပါပဲခင်ဗျာ။ ဆက်တွေးမိတာက ကဗျာလည်း ရေး၊ ပန်းချီလည်း ဆွဲကြသူတွေ အကြောင်းပါ။ အလှသစ်ပန်းချီပြခန်းမှာ ဆိုရင် ကဗျာ ပန်းချီပြပွဲတောင် နှစ်စဉ် ကျင်းပတယ်။ ကိုဗစ်-၁၉ ကြောင့် လူမစုကြရတော့ အခုအခါ ပန်းချီပြပွဲတွေ မလုပ်ရတာကလည်း ၂ လ လောက် ရှိပြီနော်။   'ပန်းချီဆရာ' ပြည်မြန်မာဝယ်၊ နီပြာရောင်ခြယ် လွန်တင့်တယ်သား၊ သူ့ရေးအားဖြင့် ရှုတိုင်းတင့်မော၊ အလှတောကို ဖန်ဆင်းလိုမိ၊ တုမရှိပြီ။   စိတ်အတွေးစထဲ ဝင်လာပြန်တာက ပန်းချီဆရာများ၊ ပန်းချီဆရာမများပါ။ “ ကျနော် ကျမတို့၏ ပန်းချီကားများကို မဝယ်လျှင်နေပါ့စေ။ လာရောက်ကြည့်ရှု အားပေးကြပါလျှင် ပြပွဲများလုပ်ရကျိုးနပ်ပြီ”တဲ့ဗျာ။ သည်စကား၊ သည်တွန်းအားလေးကြောင့် ကျနော်မောင်တူး ရန်ကုန်က ပန်းချီပြခန်းတွေဆီကို နေပူပူစေ မိုးရွာရွာစေ အရောက်လှမ်း သွားနေမိခဲ့တယ်။ ပန်းချီပြပွဲသတင်းတွေ ဒီဗွီဘီရုပ်မြင်သံကြားကနေ လွှင့်ပေးခဲ့တယ်။ ၁-၀၃-၂၀၂၀ တနင်္ဂနွေနေ့က ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ရာပြည့်သဘင် ပန်းချီပြပွဲက ဖိတ်လာတယ်။ ပန်းချီဝင်းသော်ပါတဲ့၊ ဆရာဦးဝင်းသော်က သိမ်သိမ်မွေ့မွေ့ သူ့အသံနဲ့ ပြပွဲမှတ်တမ်းလေး လာယူစေချင်တယ်တဲ့။ ဒီလိုနဲ့ ရောက်ခဲ့ပါပြီ တက္ကသိုလ်ဆီ နှစ် ၃၀ အတွင်း ဒုတိယအကြိမ်မြောက်ပေါ့။ ၁၉၈၈ ခုနှစ်ကနေ ၃၀ နှစ်လုံးလုံး ဝေးကွာခဲ့ပြီးမှ ၂၀၁၈ ခုနှစ် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ နေ့က သတင်းယူရင်း ပထမဆုံးအကြိမ် ပြန်ရောက်တယ်။ ခုက ဒုတိယကြိမ် ဆရာပန်းချီဝင်းသော် ဖိတ်လို့ရောက်ပြန်တယ်။ ကျောင်းဝကို အဝင် ရန်ကုန်တက္ကသိုလ် University of Yangon ဆိုင်းဘုတ်ကို မြင်ရပြီ။ လွန်ခဲ့သော နှစ်သုံးဆယ်ကတော့ Rangoon Art and Science University (RASU) ရာဇူးပေါ့။ အဓိပတိလမ်းကခြေရာများ၊ ကျနော်က အဓိပတိလမ်းက ဒဏ်ရာများလို့ ဆိုချင်ရဲ့။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဒီမိုကရေစီနဲ့ ကျောင်းသားထုအခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုရင်း ကျည်ဆန်ထိပြီး သေခဲ့ရတဲ့ ငါတို့ ကျောင်းသားတွေရဲ့ သွေးနီနီရဲရဲတွေကိုသာပဲ မြင်ယောင်နေတယ်။ တွေ့ပါပြီ။ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ရာပြည့်သဘင်ပွဲ။ ဥပဒေကျောင်းသားဟောင်းများ၏ ပန်းချီပြပွဲ။ တက္ကသိုလ် နားနေဆောင်မှာပါ။ ပန်းချီမောင်ယုစိန်တဲ့။ ပဲခူးကနေ လာပြီး ပန်းချီပြပွဲကို ဦးဆောင်နေပါတယ်။ ပန်းချီမောင်ယုစိန်ရဲ့ ပန်းချီကား ၂ ကားလည်း ပြသထားတာပေါ့။ ပန်းချီဆရာ ၁၀ ဦးရဲ့ကား ၁၉ ကားပြထားတယ်။  တချိန်က တက္ကသိုလ်မှာ ပန်းချီပြပွဲတွေ ပြခွင့် မရခဲ့တာတွေကို ပြန်တွေးနေမိပါတယ်။ မဆလခေတ်၊ နဝတ၊ နအဖ စစ်အစိုးရခေတ်တွေကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံ မချိတ်ရ၊ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဦးသန့်ပုံတွေ ခွင့်မပြု၊ လူဆင်းရဲတွေရဲ့ပုံတွေ တင်ခွင့်မရှိ၊ အနီရောင် ပန်းချီကားတွေလက်မခံ၊ ပန်းချီဆင်ဆာများကို ပြန်မြင်ယောင်လာ မိတယ်။ အခုတော့ ပန်းချီပြပွဲတောင် လုပ်ခွင့်ရပြီ။ လွတ်လပ်နေပါတကားပေါ့။ ဒါပေမဲ့ နှစ် ၁၀၀ ပွဲကြီးကိုမှ ပန်းချီကား ၁၉ ကားဆိုတော့ နည်းလှပါလားလို့တော တွေးလိုက်မိပြန်ပါတယ်။ ပန်းချီထိန်လင်းနဲ့ လည်းတွေ့တယ်။ သူ့ပန်းချီကားတွေလဲ ပြသထားတယ်။ ပန်းချီဝင်းသော်ကတော့ ဓာတ်ပုံပြပွဲလည်း တွဲပြတယ်လို့ ပြောပါတယ်။ ကျနော်ရောက်သွားတော့ ၂ နာရီမွန်းလွဲလေ။ ပန်းချီဆရာ ၃ ဦးကို တီဗွီ အင်တာဗျူးရိုက်နေတုန်းမှာပဲ ပန်းချီကားတွေကို ဖြုတ်သိမ်းနေကြတယ်။ ပြဿနာပါဘဲ။ မွန်းလွဲ ၃ နာရီပဲ ရှိသေးရဲ့။ ခနနေပါဦး။ ကျနော်ပန်းချီကားတွေကို ဗွီဒီယို ပြီးအောင်ရိုက်ပါဦးမယ်လို့ တောင်းပန်၊ မှတ်တမ်းတင် ရိုက်ကူးလိုက်တယ်။ ပန်းချီပြပွဲကို ဗွီဒီယို ရိုက်ပြီးသွားတော့ ၃ နာရီခွဲ။ ဓာတ်ပုံပြပွဲဘက် လှည့်ရိုက်မယ်ပြင်တော့ ဘာမှ မရှိတော့ဘူး အကုန်သိမ်း ထုပ်ပိုးပြီးသွားပြီ။ ပန်းချီပြခန်းလည်း နောက် ၁၀ မိနစ်မှာ သိမ်းလိုက်ပြီ။ ညနေ ၃ နာရီ ၄၀ မှာ နှစ်ပေါင်း တစ်ရာ မြန်မာ့သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ရာပြည့်သဘင် ဥပဒေကျောင်းသားဟောင်း များ၏ ပန်းချီပြပွဲကို လာရောက်ကြည့်ရှုသူတွေ၊ တကူးတကန့်လာရောက်ကြသူတွေ ဘာပန်းချီပုံမှ မမြင်ရတော့ဘူး။ တက္ကသိုလ်က သိမ်းဆည်းသူတွေကို ကျနော်မေးကြည့်မိတယ်။ ပန်းချီပြပွဲတိုင်း ညနေ ၅ နာရီ ၆ နာရီကျမှ ပိတ်သိမ်းရတာပါလို့။ (ကလသာ) ပန်းချီပြခန်းဆိုရင် ည ၈ နာရီမှ ပိတ်ပါတယ်ဗျာ။ ၅ နာရီ လောက်မှ အလုပ်ပြီးကြသူတွေဟာ ၇ နာရီ လောက်မှ ပြပွဲလာကြတာမို့ အကိုတို့ ၃ နာရီမှာ သိမ်းလိုက်တော့ နောက်လာသူတွေ မကြည့်ရတော့ဘူးပေါ့နော်လို့။ သူတို့ပြန်ဖြေတာက အဲ့သည်အချိန်အထိ မစောင့်နိုင်ဘူးတဲ့ဗျာ။ ကျနော့ရင်ထဲ ဆို့ နင့်သွားတာပေါ့။  စိတ်အတွေးစထဲ ဝင်လာပြန်တာက ပန်းချီဆရာများ၊ ပန်းချီဆရာမများရဲ့ “ပန်းချီကားများကို မဝယ်လျှင် နေပါ့စေ။ လာရောက်ကြည့်ရှုအားပေးကြပါလျှင် ပြပွဲများလုပ်ရကျိုးနပ်ပြီ ” ဆိုတဲ့ စကားသံကိုပါ။ သည်စကား၊ သည်တွန်းအားလေးကြောင့် ကျနော် မောင်တူး ရန်ကုန်က ပန်းချီပြခန်းတွေဆီကို နေပူပူစေ မိုးရွာရွာစေ အရောက်လှမ်းသွားနေမိခဲ့တယ်။ ပန်းချီပြပွဲသတင်းတွေ ဒီဗွီဘီရုပ်မြင်သံကြားကနေ လွှင့်ပေးခဲ့တာပါ။ ဟူး . . . ပန်းချီကို တန်ဖိုးမထားကြသေးပါလားလို့ ရင်မောရပြန်မိရဲ့။ ပန်းချီဆရာဟာ သူ့ပန်းချီကားကို ဘယ်လောက်တန်ဖိုးထားသလဲ။ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်မနက် ရန်ကုန် တက္ကသိုလ် တကသ အဆောက်အဦကြီးကို မဆလတပ်က ပေါက်ကွဲအားပြင်းထန်တဲ့ မိုင်းတွေကပ်ပြီး ခွဲဖောက်ပစ်ခါနီး အနီးအနားက လူတွေကို ဝေးရာရှောင်ခိုင်းသတဲ့။ အဲ့ဒီမှာ တကသ လက်ဖက်ရည်ဆိုင်မှာ ပန်းချီဆရာကြီး ဦးနန်းဝေဟာ လက်ဖက်ရည်ဆိုင် ရောင်းရငွေထည့်ထားတဲ့ ကျွန်းပိုက်ဆံပုံးကြီးကတဖက် သူရေးဆွဲထားတဲ့ ပန်းချီကားကြီးကတဖက် ဘယ်ဟာ ယူပြီး ထွက်ပြေးရမှန်းမသိ ဝေခွဲမရဘူးတဲ့။ ပန်းချီကားကြီး ကိုင်မပြီး ထွက်ပြေးသွားရင်လည်း ပိုက်ဆံသေတ္တာကြီး ပိုက်ဆံတွေများစွာနဲ့ ဖောက်ခွဲတဲ့အထဲ ပါသွားမယ်ဗျာ။ ပန်းချီကားကြီး ကိုင်ပြီး ထွက်ပြေးပြန်ရင်တော့ ပိုက်ဆံပုံးကြီး ဆုံးရှုံးမယ်။ ချီတုံချတုံ၊ ဝေခွဲမရတော့ဘူးပေါ့။ စစ်သားတွေကလဲ အော်ပြောနေပြီ။ အရေးပေါ်အမြန် ထွက်သွားတော့ဟေ့။ နောက်ဆုံးတော့။  နောက်ဆုံးတော့ သူ့ရဲ့လက်ရာ ပန်းချီကားကြီးကို မပြီး ထွက်ပြေးသွားတော့တယ်။ ဒီပန်းချီကားကြီးဟာ သူ အနှစ်သက်ဆုံး၊ ပြိုင်ပွဲမှာ အဲ့သည်ခေတ်ငွေ ၃၀၀၀ ကျပ် ဆုရပန်းချီကား ဖြစ်သတဲ့။ ၁၉၆၂ ခုနှစ်၊ တကသအဆောက်အဦ ဗုံးခွဲခံရချိန် ဆရာဦးနန်းဝေရဲ့ တခြား ပန်းချီကားတွေ အများအပြား ပါဝင်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဆရာကြီးဟာ  ပန်းချီရေးတာကို ကာလတခုအထိ နားနေတဲ့အထိ စိတ်ထိခိုက်ခဲ့ပါတယ်။ ပန်းချီဆရာရဲ့ သူ့ပန်းချီကားအပေါ် တန်ဖိုးထားမှုဟာ အခုထက်တောင် ပိုမိုများပြား ကြီးမားနေဦးမှာပါလေ။  ဒီအကြောင်းကို တကသ ဒုဥက္ကဋ္ဌဟောင်း ရန်ကြီးအောင်ဦးစိန်ဝင်းက ကျနော့်ကို ပြန်ပြောပြခဲ့ဖူးတာပါ။   ကျနော် ပြန်တော့မယ်။ ဒီပြပွဲသတင်းကို DVB ရုံးကို ပြန်သွားပြီး တည်းဖြတ် ထုတ်လွှင့်ပါဦးမယ်ပေါ့။ ဟုတ်ကဲ့ ပြန်ပါ။ ကျေးဇူးတင်ပါတယ်။ ပဲခူးက ဆရာ ပန်းချီမောင်ယုစိန်၊ ပန်းချီဝင်းသော်နဲ့ ပန်းချီထိန်လင်းတို့က ပြောကြသပေါ့။ နှုတ်ဆက်ပြီး ဘွဲနှင်းသဘင်ခန်းမကြီးကို မြင်တော့ အနီးကို လျှောက်သွားတယ်။ ဓာတ်ပုံရိုက်ပြီး ပြန်လာတော့ အဓိပတိလမ်းမပေါ်မှာ ပန်းချီဆရာတွေကို ပြန်တွေ့ပြီး ခဏရပ် စကားပြောရပြန်တယ်။ ရာပြည့်ပွဲမှာ ပန်းချီကား ၁၉ ကား ပြတာကတော့ နည်းတာပေါ့လို့ ပြောမိတော့။ ဟုတ်ပဗျာ။ ကားတော်တော်များများ ပြသခွင့် ချိတ်ဆွဲခွင့် မရဘူးလို့ ဆရာတယောက်က ပြောပြတယ်။ ဘယ်သူတွေက ပိတ်ပင်သလဲ။ အခု ဆင်ဆာ မရှိတော့ဘူး မဟုတ်လားလို့ ပြောမိတော့ အထက်ကပိတ်တာလည်း မဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနကလည်း မတားဘူး။ တက္ကသိုလ် တာဝန်ရှိသူတွေက မေတ္တာရပ်ခံတာပါတဲ့။ ပန်းချီ ချောအိသိမ်း ဆွဲတဲ့ သစ်ပုပ်ပင်နဲ့ အနီရောင်နောက်ခံ ပန်းချီကား မပြသရဘူး။ တခြားကား တချို့လည်း ပြခွင့်မရဘူးဆိုတာ သိရတော့တယ်။  ဪ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပန်းချီတွေဆွဲနေချိန်၊ ပန်းချီကို အားပေးနေချိန် ဒီလိုကာလကြီးမှာမှ နှစ်ပေါင်းတစ်ရာ မြန်မာ့သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ရာပြည့်သဘင်ပွဲ။ ဥပဒေ ကျောင်းသားဟောင်းများ၏ ပန်းချီပြပွဲကြီးမှာတောင်မှ ပြသခွင့်မရှိတဲ့ ပန်းချီကားတွေဆိုပြီး သတ်မှတ်ခံခဲ့ရတာကတော့ မဖြစ်သင့်ပါဘူးလို့ တွေးရင်း အဓိပတိလမ်းပေါ်မှာ လျှောက်နေမိတယ်။ “ပန်းချီကားတွေ မဝယ်လျှင် နေပါ။ လာကြည့်ရှုအားပေးကြလျှင် ပြပွဲများ  လုပ်ရကျိုးနပ်ပြီ” ဆိုတဲ့ စကားကို ပြန်ကြားလာမိတယ်။ သည်စကား၊ သည်တွန်းအားကြောင့် ကျနော် မောင်တူး ရန်ကုန်က ပန်းချီပြခန်းတွေဆီ နေပူပူစေ မိုးရွာရွာစေ အရောက်လှမ်း သွားနေမိခဲ့တယ်။ ပန်းချီပြပွဲသတင်းတွေ DVB ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပေးနေခဲ့တာပါ။  ဟူး … ပန်းချီကို တန်ဖိုးမထားကြသေးပါလား။  ပန်းချီကို တန်ဖိုးမထားကြသေးပါလားလို့ တွေးရင်းက ကျနော့ရင်တွေ လှိုက်ကာ မောလာမိပါတယ်ခင်ဗျာ။  ။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up