Home
မြန်မာသတင်း
ဧရာဝတီတိုင်းက အလုပ်သမား ၂၀၀၀ ကျော် အတွက် လူမှုဖူလုံကြေးငွေ စတင်ထောက်ပံ့
DVB
·
May 26, 2020
ဧရာဝတီတိုင်းမှာ ကိုဗစ်ကပ်ဘေးကာလ အစိုးရရဲ့အစီအစဉ်နဲ့ ရပ်နားခဲ့ရတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမား ၂၀၀၀ ကျော်အတွက် လူမှုဖူလုံရေးထောက်ပံ့ကြေးငွေ ကျပ် သိန်း ၆၇၀ ကျော်ကို ပထမဆုံးစတင်ပေးအပ်ခဲ့ပါတယ်။   ဧပြီလအတွက် စက်ရုံပိတ်ရက်တွေကို လူမှုဖူလုံရေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေကို လူမှုဖူလုံကြေးငွေထောက်ပံ့ ပေးအပ်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။ "နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ လူမှုဖူလုံရေး ဥပဒေအရ  ကိုဗစ်ဖြစ်မှ မဟုတ်ဘူး အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်ဘက်ကပိတ်ရတဲ့အတွက် ဒီအလုပ်သမားတွေအတွက်ကို နစ်နာကြေးပြန်ပေးတာပါ၊ ဒါကလည်း အလုပ်သမားတွေ လစဉ်ထည့်ဝင်ထားတဲ့ငွေတွေထဲက ၄၀ ရာခိုင်နှုန်း ပြန်ပေးတာဖြစ်ပါတယ်"လို့ ပြောပါတယ်။ လူမှုဖူလုံရေးအကြိုခံစားခွင့်ထောက်ပံ့ငွေကို ပုသိမ်မြို့၊ စက်မှုဇုန်အတွင်းက ဒေါင်းလောင်း အထည်ချုပ်စက်ရုံက လူမှုဖူလုံကြေးငွေထည့်သွင်းထားတဲ့ အလုပ်သမား အယောက် ၂၃၂၃ အတွက် ထောက်ပံ့ကြေးငွေ ကျပ် သိန်း ၆၇၀ ကျော်ကို ပထမဆုံးထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့စက်ရုံများက အလုပ်သမားတွေကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စက်ရုံအလုပ်ရုံတွေကို ဧပြီ ၂၁ ရက်ကနေ မေလ ၂ ရက်အထိ အစိုးရရဲ့အစီအစဉ်နဲ့ပိတ်ထားခဲ့တာကြောင့် ပိတ်ရက်တွေအတွက် အလုပ်သမားတွေနစ်နာခဲ့တဲ့ လုပ်ခလစာတွေအတွက် လူမှုဖူလုံရေးကနေ အလုပ် သမားတွေ လစဉ်ထည့်သွင်းထားတဲ့အထဲက ၄၀ ရာခိုင်နှုန်းပြန်လည်ထုတ်ပေးခဲ့တာပါ။ ထောက်ပံ့ကြေးရခဲ့တဲ့ စက်ရုံက အလုပ်သမားတစ်ဦးက  "သင်္ကြန်ပိတ်ရက်ပြီးတော့ နားလိုက်ရတယ်၊ အဲ့အတွက် ထောက်ပံ့ကြေးငွေ ကျပ် ၃၇၀၀၀ ကျော်ရတယ်၊ လတိုင်းတော့ လူမှုဖူလုံကြေး ၂၈၀၀ သွင်းရပါတယ်" လို့ ပြောပါတယ်။ ဧပြီလအတွင်း ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စက်ရုံတွေကို အစိုးရရဲ့အစီအစဉ်တွေနဲ့ ပိတ်ခဲ့ရလို့ လစာထုတ်ချိန်မှာ အရင်ကထက် လစာလျော့နည်းတာတွေရှိခဲ့ပေမဲ့ ခုလို လူမှုဖူလုံကြေး ထောက်ပံ့ငွေပြန်ရလို့ အဆင်ပြေမှုအနည်းငယ်တော့ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး လုပ်သားဦးရေ ၁၄၀၀ ကျော်နဲ့ အလုပ်လည်ပတ်နေတာဖြစ်ပါတယ်။ ကပ်ရောရောဂါဖြစ်ပွားချိန်နောက်ပိုင်း ယာယီရပ်နားထားတဲ့ စက်ရုံတွေရှိသလို လုပ်သား လျှော့ချခဲ့တဲ့စက်ရုံတွေလည်းရှိတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024