Home
မြန်မာသတင်း
မိုးညှင်းမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ နေအိမ်ပြန်ရောက် 
DVB
·
May 25, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၁၄၄ ဟာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့အတွက် မြစ်ကြီးနားကနေ မိုးညှင်းနေအိမ်သို့ မေလ ၂၅ ရက် ညနေက ပြန်ရောက်ရှိပါတယ်။ သူ့ကို Home Quarantine ၇ ရက် ဆက်ထားမှာဖြစ်ပြီး ပတ်ဝန်းကျင်က အိမ်တွေကိုလည်း အကျိုးအကြောင်း ရှင်းပြထားပြီးသားဖြစ်တယ်လို့ နယ်မြေခံ ဆရာဝန် ဒေါက်တာဖြူလေးဝေက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျမရယ်၊ ကျမအပိုင် ဆရာတစ်ယောက်ရယ် လာပြီးတော့ ဒီအိမ်ရှေ့ဘေး ၂ အိမ်ကျော်ပေါ့နော်၊  ဟိုဘက် ၂ အိမ်ကျော်၊ ဒီဘက် ၂ အိမ်ကျော်ပေါ့နော် ပတ်ချာလည်အိမ်တွေအားလုံးကို ကျမတို့ ဒီကလေးဟာ ရောဂါပျောက်ကင်းပြီ။ Negative ၂ ခါဖြစ်ပြီ ဆိုတဲ့အကြောင်းလည်း ကျမ ရှင်းပြပြီးသား။” လူနာရဲ့နေအိမ်မှာ လူနာရဲ့ မိဘနှစ်ပါးသာနေထိုင်ပြီး ကျန်မိသားစုဝင်တွေကို လူနာအမှတ် ၁၄၄ ရဲ့ အဘွားအိမ်မှာ သွားရောက်နေထိုင်စေမှာဖြစ်တယ်လို့ အောင်သပြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာထံက သိရပါတယ်။ လူနာ အမှတ် ၁၄၄ ရဲ့ ဖခင် ဦးလောအေကတော့ “ဆွေတွေ၊ မျိုးတွေ၊ လူကြီးတွေ အသိုင်းအဝိုင်းတွေ ကြိုဆိုပေးတာ ဘယ်လောက်ဝမ်းသာစရာကောင်းသလဲ။ ရောဂါဖြစ်ပြီး ဒီလို အကြောင်းတောင်ဖြစ်တာ လိုင်းပေါ်တင်ကြတယ်ဆိုတော့ ဝမ်းသာတာပေါ့လေ။ နိုင်ငံတော်ကိုလည်း အဓိက ကျေးဇူးတင်တယ်။ အခု ဒီရောဂါက မိမိတို့ ဘာမှ ကုန်ကျငွေ မလိုဘူး။ အားလုံး အစိုးရ လုပ်ပေးတယ်။ အစစအရာရာပေါ့နော်။ သွားတယ်။ လာပို့တယ်။ အခုမှ ကြားဘူးတယ်။ အရင်တုန်းက ဒီလိုမျိုးဘယ်မှာမှ မကြားဘူးသေးဘူး။ quarantine ဝင်တုန်းကလည်း စားဖို့ သောက်ဖို့တို့ ဘာမှ မပူရဘူး။ သူများ လာပို့ကြတယ်။ အပေါင်းအသင်းတွေ အားလုံး အားပေးစကားပြောတယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ လူနာ အမှတ် ၁၄၄ နေအိမ်အိမ်ပြန်ရောက်လာချိန် သူ့ရဲ့ မိဘနှစ်ပါးနဲ့ သင်းအုပ်ဆရာတို့က ပန်းစီးပေးအပ်ကာကြိုဆိုခဲ့ကြသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတ အဖွဲ့ဝင်တွေ၊ တရုတ်ခရစ်ယာန်နှစ်ခြင်း အသင်းတော်က မိတ်ဆွေ ဆွေမျိုး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပါတယ်။ လူနာအမှတ် ၁၄၄ ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ချန်းရီ ဖိနပ်စက်ရုံမှာ တရုတ်စကားပြန် လုပ်ကိုင်နေသူဖြစ်ပါတယ်။ မောင်နှမ ၇ ဦး အနက် အကြီးဆုံးသားလည်း ဖြစ်ပြီး လူနာနဲ့ မိဘနှစ်ပါးဟာ Home Quarantine ၇ ရက် ပြန်လည်နေထိုင်ရမှာ ဖြစ်ပါတယ်။ ခင်သန်းညွန့်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024