Home
မြန်မာသတင်း
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ အစီရင်ခံစာတင်သွင်း 
DVB
·
May 25, 2020
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနို်ငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံကို  မေလ ၂၃ ရက်က ပထမဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ အစီရင်ခံစာကို စနေနေ့က တင်သွင်းလိုက်တာဖြစ်ကြောင်း၊ ဒီအစီရင်ခံစာမှာ အိုင်စီဂျေက ညွှန်ကြားထားတဲ့ အချက် ၃ ချက်နဲ့ပတ်သက်ပြီး မြန်မာဘက်က ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကို အခြေခံတင်ပြထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အခြေစိုက် နိုင်ငံတကာ သတင်းဌာန Anadolu Agency က ဖော်ပြပါတယ်။    ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ်ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထားတွေကိုမဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ  မြန်မာနိုင်ငံဘက်က  ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်းမှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံဟာ COVID-19 ကပ်ရောဂါပြဿနာကိုလည်း နိုင်ငံတကာနည်းတူ ရင်ဆိုင်နေရသလို ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်မတော် အေအေနဲ့လည်း အစိုးရတပ်တွေ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပါတယ်။  ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှုတွေ နယ်စပ်တလျှောက်မှာ များလာတယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။  ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့်  အစီရင်ခံစာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်  ဦးချမ်းအေးက အစီရင်ခံစာ မတင်သွင်းခင်က ဒီဗွီဘီကို ပြောထားပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်တာတွေနဲ့ ပတ်သက်လို့  သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းဖို့ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း BROUK ကတော့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ ဘဝတွေ တိုးတက်လာအောင်  မြန်မာအာဏာပိုင်တွေက ဘာမှ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024