ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများ ဗဟိုဌာန ဖွင့်လှစ်
DVB
·
May 2, 2013
မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်နိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗဟိုဌာနတခု မေ ၁ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
အဲဒီဌာနကို ဘန်ကောက်ခရိုင် ရာ့ဆဒွန်းပူရာနရပ်ကွက် ဆွတ်ဆ၀ဒီးလမ်း မဂျစ်ဟောလီးဝုဒ် ဆွတ်ဆ၀ဒီး ကုန်တိုက်မှာ ထားရှိမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း အဲဒီကုန်တိုက်မှာ မနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ရာမှာ ပိုမိုစနစ်ကျပြီး လွယ်ကူစေဖို့၊ တရားမ၀င်အလုပ်သမားပြဿနာကို ဖြေရှင်းဖို့နဲ့ လာမယ့် ၂၀၁၅ ခုနှစ် အာဆီယံ လူမှုစီးပွားအသိုင်းအ၀ိုင်းကို ကြိုဆိုတဲ့အနေနဲ့ ဖွင့်လှစ်လိုက်တာလို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖေတိချိုင်း ဆဆုမ်ဆပ်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အလားတူ နောက်ထပ် ဌာနတခုကိုလည်း ဘန်ကောက်မြို့ လတ်ဖလောက် ရပ်ကွက် အဲမ်ပီရီရယ်ကုန်တိုက်မှာ လာမယ့် မေလ ၂၀ ရက်နေ့ကျရင် ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ၀န်ကြီးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။