DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး
DVB
·
May 2, 2013
Donate to DVB

ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်း နယ်မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီကေဘီအေကို ၂၇ ရက်နေ့ကနေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒီကေဘီအေက နယ်ခြားစောင့်တပ်က ဗိုလ်ချစ်သူနဲ့ ညှိပြီး မြိုင်ကြီးငူကနေ ခွာပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကေဘီအေထံက သိမ်းထားတဲ့ သေနတ်တွေကိုတော့ ပြန်တောင်းရာမှာ မပေးဘဲ နယ်ကနေဖယ်ခိုင်းတာလို့ ဆိုပါတယ်။

လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာတာဟာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်၊

“တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသကခွာပေးဖို့၊ ဗိုလ်မှူးထွန်းထွန်းဝင်းပေးတဲ့ ရက်ကတော့ မေလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့ ၁၂ နာရီမှာ ဆုတ်ခွာပေးဖို့။ ဆုတ်ခွာခိုင်းတဲ့ဒေသက မယ်ပ၊ မယ်ကစောဘက်ကို။ ဒီလိုရာဇသံပေးတာဟာ အတင်းအဓမ္မခွာခိုင်းရင် အပစ်အခတ်ရပ်စဲထားတာကို ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသိပေးချင်တယ်။”

သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိခိုက်နိုင်တဲ့အကြောင်း ဒီကေဘီအေက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း  လူအင်အား ၁၀၀  ကျော်က  မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး  အဲဒီည  တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာတွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013