နာဂစ်ကို သတိရပါ၊ ဒီမိုကရေစီကပဲ သင့်ကို ကာကွယ်ပေးနိုင်ပါတယ်

မြန်မာပြည်မှာ ဒီနှစ်တွေအတွင်း လူလုပ်တာမဟုတ်တဲ့ ကြီးမားတဲ့ကပ်ဘေး နှစ်ခါ ကြုံပါတယ်။ ပထမတခါက ၂၀၀၈ နာဂစ်ဆိုင်ကလုန်း (လေဘေး) ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည်နှစ်မှာ ကိုရိုနာ ကပ်ဘေး (ရောဂါဘေး) နဲ့ ကြုံပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အခုလို မေလမှာပဲ နာဂစ်ဘေးနဲ့ကြုံတဲ့အချိန်တုန်းက မြန်မာပြည်ကို စစ်အစိုးရက အုပ်ချုပ်ထားခဲ့ပါတယ်။ နာဂစ်ကို လူလုပ်တာမဟုတ်တဲ့ ကပ်ဘေးလို့ ပြောတဲ့အတွက် တချို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကျနော့်ကို သဘောတူမယ် မထင်ပါဘူး။ နာမည်ကျော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းတို့လို ပုဂ္ဂိုလ်တွေက နာဂစ်မှာ သေကျေပျက်စီးမှုများတာဟာ မြစ်ဝကျွန်းပေါ် ဒေသမှာ ဒီရေတောတွေကို မထိန်းသိမ်းခဲ့တာကြောင့် ဆိုတာကို ပြောခဲ့ကြပြီးပါပြီ။ နာဂစ်ဟာ လူလုပ်တဲ့ ဘေးမဟုတ်ဘူးလို့ ကျနော် ပြောရင် သဘောမတူမယ့် နောက်ထပ် ပုဂ္ဂိုလ်တစ်ယောက်ကတော့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ဖြစ်ပါတယ်။ အဲဒီအချိန်က အစိုးရ မိုးဇလဌာနမှာ တာဝန်ရှိသူ ဖြစ်တဲ့ ဦးထွန်းလွင်က နာဂစ်ကို ကြိုတင်သတိပေးခဲ့ပေမယ့် အဲဒီအချိန်က စစ်အစိုးရဟာ လျစ်လျူရှူခဲ့ပါတယ်။ ဒီလိုနဲ့ နာဂစ်ဟာ မျက်မှောက်မြန်မာ့သမိုင်းမှာ အသေအပျောက်အများဆုံး (လူသိန်းနဲ့ချီ) သေတဲ့အထိ လေဘေး ဖြစ်ခဲ့ရပါတယ်။ နောက်ဆက်တွဲဖြစ်ခဲ့တာတွေကတော့ စစ်အစိုးရခေတ်မှာ အားလုံး သိခဲ့ကြတဲ့အတိုင်း သတင်းအမှောင်ချတာနဲ့ ပြည်ပအကူအညီတွေကို အဝင်မခံခဲ့တာပါပဲ။ ပြည်တွင်းပရဟိတ အဖွဲ့တွေကိုလည်း အနှောင့်အယှက်ပေးခဲ့တဲ့ စစ်အစိုးရဟာ ကိုယ်ပိုင်အစီအစဉ်တွေလည်း ဘာမှ မရှိသလောက်ပါပဲ။ ပြည်သူတွေဟာ ဒုက္ခနဲ့ နေသားကျနေ၊ အစားအသောက်အတွက်လည်း ဖားရှာငါးရှာရင် အဆင်ပြေသွားလိမ့်မယ်လို့ အစိုးရသတင်းစာက မစာမနာ ရေးသားခဲ့ပါတယ်။ မုန်တိုင်းကျပြီးနောက် ဧရာဝတီတိုင်းကို ရောက်သွားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်က ဒီတခါတော့ ဘာမှ မပါလာသေးဘူးလို့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ ဒါတွေဟာ အားလုံး သိပြီးသား ဖြစ်ပေမယ့် ဘာလို့ ပြန်ပြောနေသလဲ ဆိုတော့ အာဏာရှင် စနစ်နဲ့ ဒီမိုကရေစီစနစ်မှာ ဘာတွေ ကွာခြားလဲဆိုတာကို သိသာစေချင်လို့ပါပဲ။ ကိုဗစ်-၁၉ ရောဂါကပ်ဘေးနဲ့ ကြုံတဲ့အခါမှာတော့ မြန်မာပြည်မှာ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအုပ်ချုပ်နေချိန် ဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကို ဘယ်လို စီမံဆောင်ရွက်ရသလဲဆိုတာကို နိုင်ငံတွေက တစ်မျိုးတစ်ဘာသာစီ ဖြစ်နေတဲ့အချိန်မှာ အစောဆုံး ထိန်းနိုင်တဲ့ နိုင်ငံဟာ ရောဂါကို အစောဆုံး တွေ့ ခဲ့တဲ့ တရုတ် နိုင်ငံ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ နည်းလမ်းကတော့ အာဏာရှင်ဆန်ဆန် ခပ်ကြမ်းကြမ်းကိုင်ပြီး ပြည်သူတွေကို လနဲ့ချီ အသွားအလာ ကန့်သတ်ခဲ့တာပါပဲ။ ဒီနည်းနဲ့ ထိရောက်တဲ့အတွက် နိုင်ငံတွေ အတော်များများက တရုတ်နည်းလမ်းကို အတုယူကြပါတယ်။ အတုယူဖို့ တိုက်တွန်းကြပါတယ်။ ကိုဗစ်-၁၉ ဟာ အသစ်ဖြစ်သလို၊ နားလည်ရခက်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကစလို့ နိုင်ငံအားလုံးလိုလိုမှာ ရှိသမျှ အင်အား၊ အရင်းအမြစ်တွေ အကုန်ထုတ်သုံးကြတာတောင် စီမံခန့်ခွဲမှုမှာ အိုးနင်းခွက်နင်း ဖြစ်ကြပါတယ်။ တရုတ်ပြည်နဲ့ နယ်စပ်ချင်းလည်း ရှည်ရှည်လျားလျား ထိစပ်နေ၊ အတွေ့အကြုံလည်းနည်း၊ အရင်းအမြစ်လည်း ရှားပါးလှတဲ့ မြန်မာနိုင်ငံအတွက် အထူး စိုးရိမ်စရာပါပဲ။ ပြည်တွင်းမှာ ရောဂါကူးစက်မှု အခြေအနေကို ထိန်းဖို့တောင် မနည်းကြိုးပမ်းရမယ့် အချိန်မှာ၊ နိုင်ငံခြားကနေ ပြန်လာမယ့် မြန်မာတွေကို ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဉ်နဲ့ ပေါင်းစည်းဖို့ဟာ အစိုးရအတွက် ကြီးမားတဲ စိန်ခေါ်မှု ဖြစ်ပါတယ်။ သဘာဝကျစွာပဲ ဒီအချိန်မှာ အစိုးရိမ်လွန်နေတဲ့ တချို့ လူသိထင်ရှား ပုဂ္ဂိုလ်တွေက တရုတ်နည်းကို အတုယူဖို့ အစိုးရကို တိုက်တွန်းကြပါတယ်။ အတွေ့အကြုံ သိပ်မရှိသေးတဲ့ အရပ်သားအစိုးရဟာ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံး ကပ်ဘေးကြီးကို ကိုင်တွယ်နိုင်ပါ့မလား စိုးရိမ်ကြပါတယ်။ ပြည်သူတွေ မဲပေးပြီး တက်လာတဲ့ ဒီမိုကရေစီအစိုးရဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ ပြည်သူ့အခွင့်အရေးတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေကို လိုသလောက်ပဲ လုပ်ပြီး အကူအညီတွေကို အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် ကူညီပါတယ်။ ကပ်ဘေးရဲ့ အရပ်ရပ် အခြေအနေကို သိရအောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် မြန်မာတွေ အသုံးများတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ် တက်လာပါတယ်။ အစိုးရကျန်းမာရေးဌာနက သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပါတယ်။ ပြည်တွင်းက စေတနာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့အားကို အထိရောက်ဆုံးဖြစ်အောင် အသုံးပြုပါတယ်။ ဒါတွေကတော့ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ မြင်သာတဲ့ ကိစ္စတွေပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အနီးကပ် ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လွှတ်တော်တွင်း ဖြေကြားချက်တွေဟာ ရှင်းလင်း တိကျပါတယ်။ လွှတ်တော်တွင်းက တပ်မတော်သားနဲ့ လွှတ်တော်အမတ်တွေရဲ့ ကပ်ဘေးကာလအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ထောင့်ပေါင်းစုံပြီး ဝေဖန်မှုပါတဲ့ မေးခွန်းတွေကို အရပ်သားဝန်ကြီးက ပြန်လည်ဖြေရှင်းခဲ့တာကို ကြည့်ရင်း နာဂစ်တုန်းက ဒီလို မေးခွန်း ထုတ်ခွင့်ရှိခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ပြောချင်တာက ရှင်းပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ တင်းပြည့်ကျပ်ပြည့် မဟုတ်ပေမယ့် ဒီမိုကရေစီအစိုးရဟာ ပြည်သူ့အခွင့်အရေးတွေကို လေးစားနေရတုန်းပါပဲ။ ဘာကြောင့်လဲ ဆိုရင် ခေါင်းဆောင်တွေရဲ့ စေတနာကို ထည့်မပြောဘဲ လက်တွေ့ကျကျ ပြောရင်တောင် အစိုးရ စွမ်းဆောင်ရည်ဆိုတာ အစိုးရရဲ့တရားဝင်မှု ဖြစ်ပါတယ်။ မြန်မာပြည်အတွက် ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရက စီမံခန့်ခွဲမှု ညံ့ဖျင်းရင် လာတော့မယ့် ရွေးကောက်အပေါ် သက်ရောက်မှာ သေချာပါတယ်။ ဒါပေမယ့် အာဏာရှင် အစိုးရ (စစ်အာဏာရှင် အပါအဝင်) တွေအတွက်တော့ ဒါတွေက သိပ်အရေးမကြီးလှပါဘူး။ နာဂစ်ကာလကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို စစ်အစိုးရက မဖြစ်၊ ဖြစ်တဲ့ နည်းလမ်းနဲ့ အတည်ပြုခဲ့တာ သက်သေပါပဲ။ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အရပ်သားအစိုးရတွေ အကြပ်တွေ့ရင် အာဏာရှင် လူဟောင်းတွေနဲ့ သူတို့ ဘက်သားတွေက အားရကြပါတယ်။ သူတို့ လက်ထက်က တခါမှ ပြည်သူကို မပေးခဲ့ဖူးတဲ့ အထောက်အပံ့တွေ၊ ဝန်ဆောင်မှုတွေကို တောင်းဆိုကြပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ အကြပ်အတည်းတွေကို သူတို့ ဝင်ဖြေရှင်းပေးနိုင်သယောင် (ဘာမှမလုပ်ဘဲ) လေသံပစ်ပါတယ်။ နောက်တကြိမ် သူတို့ အာဏာရရင် လက်ရှိ အစိုးရထက် ပိုပြီး တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ပေးနိုင်မယ့်ဂိုက်မျိုး ဖမ်းပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးဟာ လေလုံးထွားတာတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်း ပြည်သူအတွက် စေတနာလည်းရှိ၊ စွမ်းဆောင်ရည်လည်း ရှိတယ်ဆိုရင် ဒါကို သက်သေပြဖို့ သူတို့မှာ နှစ်ပေါင်းများစွာ အချိန်ရခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးဟာ နိုင်ငံတစ်နိုင်ငံ၊ အစိုးရ တစ်ရပ်တည်းက ဖြေရှင်းလို့ မရတဲ့ ပြဿနာဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူကအကြားမှာ၊ နိုင်ငံအချင်းချင်းအကြားမှာ ပူးပေါင်း ဆောင်ရွက် ဖြေရှင်းရတဲ့ အကြပ်အတည်း ဖြစ်ပါတယ်။ အစိုးရရဲ့ တာဝန်ယူမှု၊ အစိုးရနဲ့ ပြည်သူ အကြားမှာ အပြန်အလှန် နားလည်မှု လိုပါတယ်။ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက် လိုအပ်ပါတယ်။ ဒါလိုဆင်ခြင်တုံ တရားမျိုးဟာ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ ခေါင်းဆောင်မှုနဲ့သာ ရှိနိုင်တဲ့ အရာတွေပါပဲ။ ဒါနဲ့ ပြောင်ပြန် အာဏာရှင်စနစ်ကတော့ အထီးကျန်၊ မုသာဝါဒ ဖြန့်ချိ၊ သတင်းအမှောင်ချ၊ ပြည်သူ့အခွင့်အရေးကိုမလေးစားတာကြောင့် လူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုလည်း မရနိုင်ပါဘူး။ ကိုဗစ်-၁၉ ကပ်ဘေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တဲ့ နိုင်ငံတွေကို ကြည့်ရင် နယူးဇီလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ အိုင်စလန်၊ ဖင်လန် နိုင်ငံတို့က ခေါင်းဆောင်တွေဟာ ဒီမိုကရေစီမူဝါဒတွေကို အထိခိုက်မခံဘဲ ကပ်ဘေးကြီးကို ရင်ဆိုင်ကျော်လွှားခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကို ကြည့်ရင်လည်း ဒီမိုကရေစီ ဘောင်အတွင်းကဖြစ်ပြီး အခြေအနေကို အကောင်ဆုံး ထိန်းထားနိုင်တာကို တွေ့ရပါတယ်။ အာဆီယံ ဒေသတွင်းမှာတောင် မြန်မာဟာ သေဆုံးမှု အနည်းဆုံး နိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။ မြန်မာပြည်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကို ကျော်လွှားနိုင်ပြီလို့ ပြောဖို့ စောပါအုံးမယ်။ ဒါပေမယ့် အခုအထိ အခြေအနေကို ထိန်းထားနိုင်တာဟာ အစိုးရနဲ့ ပြည်သူအတူတူ ဖြစ်အောင် ဖန်တီးပေးထားတဲ့ ဒီမိုကရေစီစနစ်ကြောင့်ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘောင်ထဲကနေ ပြဿနာတွေ၊ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် အခြေအနေဖန်တီးပေး၊ ဦးဆောင်မှုပေးတဲ့ ဒီမိုကရက် ခေါင်းဆောင်တွေကို အမှတ်ပေးချင်ရင် ပေးလို့ရပါသေးတယ်။ နောက်ဆုံးကျတော့ ဒီမိုကရေစီ စနစ်နဲ့သာ အကျပ်အတည်းတွေကို ကျော်လွှားနိုင်တယ်ဆိုတာကို ကိုဗစ်-၁၉ က သက်သေပြနေပါတယ်။ နေသွင်ညိဏ်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up