သထုံခရိုင်တွင် နိုင်ငံရေးပါတီရုံးအချို့ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ကို လိုက်နာမှု အားနည်း

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ ဖွင့်လှစ် ထားတဲ့ နိုင်ငံရေးပါတီရုံးတချို့မှာ ပါတီဆိုင်းဘုတ် ထောင်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ကို လိုက်နာမှု အားနည်းနေသေးတယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်က  ပြောပါတယ်။ လက်ရှိသထုံခရိုင်ထဲက နိုင်ငံရေးပါတီရုံးခွဲတချို့မှာ ပါတီဆိုင်းဘုတ်အပြင် ပါတီခေါင်းဆောင်ရဲ့ဓာတ်ပုံတွေအသုံးပြုတာ၊ ပါတီမူဝါဒ စတဲ့ ဆိုင်းဘုတ်တွေလည်း စိုက်ထူထားတာ ရှိနေတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးက သိရပါတယ်။ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက "သထုံမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မကိုက်ညီတဲ့ ပါတီကိုတွေ့ရလို့ ထပ်ပြီးတော့ အသိပေးအကြောင်းကြားထားရတာမျိုးရှိပါတယ်။ ပါတီဆိုင်းဘုတ်မှာ လူဓာတ်ပုံ ပါနေတာပေါ့နော်။ အဲတော့ မြို့နယ်ကော်မရှင်က ကျနော့်ဆီအကြောင်းကြားလာလို့ ပါတီတာဝန်ရှိသူထံကို စာနဲ့ အကြောင်းကြားပေးလိုက်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ညွှန်ကြားချက်နဲ့ အညီ ပါတီဆိုင်းဘုတ်စိုက်ထူဖို့ပါ"လို့ ပြောပါတယ်။ သထုံခရိုင်အတွင်းရှိ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်နဲ့ အလံစိုက်ထူရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကို လိုက်နာမှုရှိ/ မရှိ သိရှိစေဖို့ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေက တာဝန်ယူစိစစ်ပေးဖို့ ကိုက်ညီမှုမရှိတဲ့ ပါတီရုံးတွေကို တင်ပြပေးဖို့ ညွှန်ကြားထားပြီး ကိုက်ညီမှုမရှိတဲ့ ပါတီရုံးတွေရှိပါက အဆင့်ဆင့်တင်ပြသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ရုံးခွဲတွေဖွင့်လှစ်ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတဲ့ ပါတီအမည်၊ ပါတီတံဆိပ်၊ ပါတီရုံးအဆင့်၊ ပါတီရုံးတည်နေရာနဲ့ ပါတီမှတ်ပုံတင်အမှတ်၊ ရက်စွဲစတဲ့ အချက်၅ ချက်ကို လိုက်နာရမှာဖြစ်ပြီး ဒီညွှန်ကြားချက်ကို အခုနှစ် ဧပြီလ ၆ ရက်နေ့က ဗဟိုအဆင့်နိုင်ငံရေးပါတီတွေအားလုံးထံ ဖြန့်ဝေပေးထားပြီးပြီလို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေဘက်ကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိကျသေချာတဲ့ ညွှန်ကြားချက်မျိုးကို လုပ်ဆောင်သင့်ကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်အပေါ် လိုက်နာလုပ်ဆောင်သွားဖို့ဆုံးဖြတ်ထားတယ်လို့ သထုံ ဒေသခံ နိုင်ငံရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။  လက်ရှိ သထုံခရိုင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ပါတီခေါင်းဆောင်ရဲ့ ဓာတ်ပုံနဲ့အတူ ၂၀၂၀ အမှတ်အသားပါ ပိုစတာအပြင်  ‘ပြည်သူ့အတွက် အာမခံချက်”ဆိုပြီး  ပါတီရဲ့ သဘောထားတွေကို ကြော်ငြာထားတာလည်းတွေ့ရပါတယ်။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သထုံခရိုင်ရုံးရှေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ် ပိုစတာစိုက်ထူထားတာ တွေ့ရပါတယ်။  မွန်ပြည်နယ်၊ သထုံခရိုင်ထဲမှာ ပါတီရုံးစိုက်ထားတဲ့နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိပြီး ခရိုင်အဆင့်ပါတီရုံး ၆ ရုံး၊ မြို့နယ်အဆင့်ပါတီရုံး ၃၈ ရုံး၊ ရပ်ကျေးအဆင့်ပါတီရုံး ၆၆၆ ရုံးရှိကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ယူမင်းစိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up