DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်တော့မည်ဟု သမ္မတပြော
DVB
·
May 2, 2013
မြန်မာနိုင်ငံသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်တော့မည်ဟု သမ္မတပြော
Donate to DVB

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်လိုက်ပြီဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုကနေ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မေ ၂ ရက်နေ့ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။

သမ္မတ ဦးသိန်းစိန်က “ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုများကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးရှိမှာ ဖြစ်သလို တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတက သတိပေးပြောဆိုပါတယ်။

စီးပွားရေးသုံးသပ်သူ ဒေါ်ခင်အုန်းသန့်ကလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်လို့ ပွင့်လင်းလာပေမယ့်လည်း နိုင်ငံတကာက စံချိန်စံညွှန်းကို ဂရုစိုက်တဲ့အတွက် မြန်မာတွေဘက်က စံချိန်စံညွှန်းပြည့်မီရေးကို အလေးထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

“အများအတွက်တော့ အထူးသဖြင့် အလတ်စားတွေအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူတို့ဘက်ကဖွင့်လိုက်တိုင်း ကိုယ်က အလိုလိုတော့ အခွင့်အရေးနဲ့ ရလဒ်တွေရမှာတော့မဟုတ်ဘူးလေ။ အထူးသဖြင့် ကျမစိတ်ပူတာက စံချိန်စံညွှန်း။ သူတို့ ကုန်သွင်းတယ်ဆိုတာ ဒီအတိုင်းသွင်းတာမဟုတ်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကြည့်တာလေ။ ဥပမာ ငါး၊ ပုစွန် သူတို့က ဒီမှာ ဘယ်လိုမွေးလဲ၊ ထားလဲဆိုတာ အီးယူက လာကြည့်မှာလေ။ သူတို့ စံချိန်စံညွှန်းနဲ့ညီလားကြည့်မှာလေ၊ ညီမှလုပ်မှာလေ။ အဲအပိုင်းကိုတော့ လုပ်ငန်းရှင်အသစ်တွေအတွက် စိတ်ပူတာလေ၊ ဒီကလူတွေက စံချိန်စံညွှန်း အင်မတန်ပေါ့တယ်လေ။”

သမ္မတဦးသိန်းစိန် ဆက်ပြောတာက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးသွားရမယ်လို့ ပြောပါတယ်။

သမ္မတက သူသွားရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံ ခရီးစဉ်တွေကနေ အဲဒီနိုင်ငံတွေနဲ့ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူဦးဆောင်တဲ့အစိုးရက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်သလို အကျဉ်းသား ၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေကို ထည့်သွင်းပြောဆိုခဲ့ပြီး ၂၀၁၃ ဧပြီဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတခုဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေထဲမှာ ရခိုင်ကော်မရှင်အစီရင်ခံစာလို ကမ္ဘာတ၀န်းက စိတ်ဝင်စားတဲ့ ကိစ္စမျိုးကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။

ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ချိန်းဆိုတဲ့အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား မြစ်ကြီးနားမှာ ဒီလဆန်း ၆ ရက်နေ့ကတည်းက ဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ ဆိုင်းငံ့ခဲ့ရတာ၊ ဧပြီ ၂၀ ရက်နေ့မတိုင်ခင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် မဆွေးနွေးနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို လူဦးရေစာရင်း ကောက်ယူရာမှာ ဘင်္ဂါလီဆိုပြီး ရေးသွင်းလို့ လက်မခံနိုင် ပြဿနာဖြစ်တာတွေနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်အတွင်း အိမ်ခြေ ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကိုလည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013