DVB Logo
Home
မေးမြန်းခန်း
အဓမ္မခိုင်းစေမှု တကယ်ပပျောက်အောင် ဆောင်ရွက်ဖို့လို- မစုစုနွေး
DVB
·
May 2, 2013
အဓမ္မခိုင်းစေမှု တကယ်ပပျောက်အောင် ဆောင်ရွက်ဖို့လို- မစုစုနွေး
Donate to DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ သ၀ဏ်လွာထဲမှာ ၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရမယ်လို့ ပါရှိတဲ့အပေါ် ကြိုဆိုပေမယ့် တကယ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကြောင့် စီးပွားရေးဒဏ်ခတ်မှုဒဏ်ကို ခံစားခဲ့ရဖူးပါတယ်။ မစုစုနွေးဟာ အခုအခါ ရန်ကုန်ုတိုင်း ကော့မှူးမြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ပြီး အလုပ်သမား၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေသူဖြစ်ပါတယ်။

[caption id="attachment_39010" align="alignleft" width="300" caption=" မစုစုနွေး"][/caption]

“သမ္မတကြီး သ၀ဏ်လွှာပေးပို့တဲ့အထဲမှာတော့ ပြောတာက ၂၀၁၅ ကျရင် အဓမ္မလုပ်အားပေးတာတွေ ပပျောက်ရမယ်ပေါ့။ ကျမတို့က ဘာပြောချင်လဲဆိုတော့ သမ္မတကြီးပြောတာတွေကို ကျမတို့က လက်ခံတယ်၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာ၊ တကယ် ပျော့ပျော့ပျောင်းပျောင်းနဲ့ သွားနေတယ်။ ဒါပေမယ့် သမ္မတကြီးပြောသလို၊ သမ္မတကြီး နှုတ်ကထွက်သလို အောက်ခြေမှာကတော့ မြို့နယ်တွေနဲ့ ဝေးကွာနေတဲ့၊ ရေတတန်ကုန်းတတန်သွားနေရတဲ့ မော်လမြိုင်ကျွန်းဘက်လိုနေရာတွေမှာ၊ ဧရာဝတီတိုင်းဘက်နေရာတွေမှာ အခုလက်ရှိ အဓမ္မကင်းစောင့်ခိုင်းတာ၊ မစောင့်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံတောင်းတာ၊ ရဲနဲ့ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခိုင်းတာတွေ ရှိနေတယ်။ ကျမက ကော့မှူးမှာ ကြာသာပတေးနဲ့ သောကြာ ၂ ရက် ရုံးခန်းဖွင့်ထားတယ်၊ ထိုင်တယ်လေ။ အဲဒီအခါမှာလည်း အမှုတွေတက်လာတာရှိတယ်၊ အနယ်နယ်အရပ်ရပ်ကနေ ကော့မှူးထိလာပြီး တင်ပြတာတွေရှိတယ်။ လူကုန်ကူးမှုလိုမျိုး ကလေးတွေကို မိန်းကလေးဆို ၈ ထောင်နဲ့ ယောက်ျားလေးဆို ၁ သောင်းပေးမယ်၊ အလုပ်ပေးမယ် ဆိုပြီး ကော့သောင်းဘက်တွေကို လိမ်ခေါ်သွားတယ်။ ရန်ကုန်ဘက်၊ ဧရာဝတီတိုင်းဘက်တွေမှာလည်း ကလေးတွေက အလုပ်တွေရှားတော့ ၈ ထောင်-၁သောင်းရမယ်ဆိုတော့ လိုက်သွားကြတယ်။ ဟိုလည်းရောက်ရော သူတို့ပြောသလိုမဟုတ်ဘဲ အလုပ်သမားတွေကို ၁၈၀၀ လောက်ပဲပေးတယ်၊ ပိုက်ဆံကို လက်ထဲမပေးဘဲ ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ အာလူးနဲ့ ဆီတို့ပဲပေးတယ်။ ပိုက်ဆံတောင်းပြီး ပြန်မှာစိုးလို့တဲ့။ အဲလိုမျိုး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရှာသူပွဲစားတွေက ပူးပေါင်းပြီး လိမ်လည်ပြီးအဓမ္မခိုင်းစေတယ်။ ဒါနေရာအနှံ့အပြား။ အဲဒါကို သမ္မတကြီးပြောသလို ၂၀၁၅ အဓမ္မခိုင်းစေမှုပျောက်ရမယ်ဆိုရင် အောက်ခြေ၀န်ထမ်းအဆင့်ဆင့်ထိကို ဘယ်လိုလုပ်ငန်းစဉ်နဲ့ မူဝါဒတွေနဲ့ ကြပ်ကြပ်မတ်မတ် ဖော်ဆောင်လုပ်ကိုင်သွားမလဲဆိုတာ ကျမတို့က သိချင်တယ်။”

အောက်ခြေကအနေအထားတွေက ဘာကြောင့်မပြောင်းလဲလဲလို့ မြင်ပါလဲ။ ကုန်ဈေးနှုန်းကြောင့်လား၊ အကျင့်စရိုက်ကြောင့်လား၊ ထိထိရောက်ရောက် မကိုင်တွယ်လို့လား။

“အကုန်လုံးလည်း မှန်ပါတယ်။ လစာကနည်းတယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်တော့ အောက်ခြေ၀န်ထမ်းတွေဟာ လစာနဲ့မလောက်တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်ရတယ်။ အောက်ခြေ၀န်ထမ်းတွေ အကျင့်ပျက်ခြစားတာတွေက ဘာကြောင့်မပပျောက်သေးတာလဲ၊ ဘာကြောင့် ဒါတွေကို တွေ့နေရသေးလဲဆိုတော့ နိုင်ငံတော်က ဥပဒေတွေ အဆင့်ဆင့်ထုတ်ပြန်တယ်၊ ဘာလုပ်ပေးမယ်ပြောတယ်။ အဲလိုထုတ်ပြန်တဲ့ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေနောက်မှာ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေ ထည့်သွင်းချမှတ်ထားခြင်းမရှိလို့ အခုလို ပြဿနတွေကို မဖြေရှင်းနိုင်တာလို့ မြင်တယ်။”

“လယ်ယာမြေပြဿနာမှာပဲဖြစ်ဖြစ်၊ အလုပ်သမား ပြဿနာမှာပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးပြဿနာတွေမှာပဲ ကြည့်ကြည့် အဲဒီပြဿနာအရပ်ရပ်တွေကို ကျမတို့ကိုယ်တိုင် ကျေးလက်ဒေသတွေကိုဆင်းပြီး ထိတွေ့နေရတဲ့အချိန်မှာ ဘာအားနည်းချက်တွေ တွေ့ရလဲဆိုတော့ အလုပ်သမားဥပဒေမှာလည်း အလုပ်သမားတွေအတွက် ပြဋ္ဌာန်းထားတဲ့ဟာမှာ ဖွဲ့စည်းခွင့်တွေ ပေးထားတယ်၊ စည်းရုံးခွင့်တွေပေးတယ်၊ ဆန္ဒထုတ်ဖော်ခွင့်တွေပေးတယ်၊ အဲဒီနောက်မှာ မူဝါဒ လမ်းစဉ်တွေ ထည့်သွင်းချမှတ်ထားတာ မရှိတဲ့အတွက် အလုပ်သမားတွေရဲ့ ခံစားခွင့်တွေကို အပြည့်အ၀ ခံစားခွင့်တွေ မရတဲ့အတွက် အလုပ်သမားပြဿနာတွေ၊ လယ်သမားပြဿနာတွေ၊ လယ်ယာမြေပြဿနာတွေကို မဖြေရှင်းနိုင်ခြင်းဖြစ်တယ်။ အခုဆို အောက်ခြေအဆင့် မြေယာဖြေရှင်းရေးကော်မတီကို ၅ ဦးကော်မတီ၊ ၁၀ ဦးကော်မတီ၊ ဒေသဖွံ့ဖြိုးရေးအဖွဲ့တွေဆိုပြီး အစိုးရက အဖွဲ့တွေ ဖွဲ့တယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတွေ ဖွဲ့တဲ့အခါမှာ ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကရော ဒေသတွင်းမှာရှိတဲ့၊ လယ်ယာမြေပြဿနာတွေ၊ လူ့အခွင့်အရေးပြဿနာတွေကို ဘာဖြစ်လို့ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ နိုင်ငံတာက အမြင်မှာ နိုင်ငံတကာမီဒီယာတွေရော၊ နိုင်ငံတကာ သတင်းထောက်တွေလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံကတော့ ဖွဲ့စည်းခွင့်တွေ သူတို့ ပေးထားတယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုမျိုး အဖွဲ့အစည်းတွေ ဖွဲ့တယ်ဆိုတာ စာရင်းတွေတက်တယ်၊ ဓာတ်ပုံတွေ ရိုက်တင်တယ်။ ဒါပေမယ့် ကျေးရွာတိုင်း၊ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာတော့ ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကိုယ်တိုင်ကပဲ အဲဒီကျေးရွာထဲမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လယ်ယာမြေပြဿနာတွေကို အားကြီးရာဘက်၊ ငွေများရာဘက် လိုက်ပြီးတော့ တုံ့ပြန်နေတာမျိုးတွေ ကျမတို့ ဒီမှာ တွေ့နေရတယ်။”’

အရင်စစ်အစိုးရလက်ထက်ကနေ တောက်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ နှစ်ရှည်အများကြီး ချမှတ်ခဲ့တယ်။ အခုအစိုးရလက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်၊ အဓမ္မလုပ်အားခိုင်းစေမှုတွေ လျော့နည်းသွားတယ် ဆိုပေမယ့် သမ္မတ အခုပြောသလို ၂၀၁၅ မှာ အဓမ္မခိုင်းစေမှု တကယ်ပဲ ပပျောက်သွားနိုင်မလား။

“အောက်ခြေကျေးရွာအုပ်စု ပြည်သူတွေနဲ့ ထိတွေ့နေသူ တယောက်အနေနဲ့ ကျမပြောချင်တာက ၂၀၁၅ မှာ အပေါ်ကပဲ ပြောပြီး အောက်ခြေထိ ကြပ်ကြပ်မတ်မတ် မဆောင်ရွက်ဘူး၊ မဖြေရှင်းနိုင်ဘူးဆိုရင် အဓမ္မခိုင်းစေမှုတွေ လုံးလုံး ပပျောက်ဦးမှာမဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ ရှိနေဦးမှာလို့ ကျမပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013