ညှော်နံ့များ ရနေသဖြင့် ပုသိမ်မြို့ မီးသင်္ဂြိုဟ်စက် ခေါင်းတိုင်မြှင့်ပေးရန် တောင်းဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်က ထွက်တဲ့ ညှော်နံ့တွေကို အနီးဝန်းကျင်က ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရှူရှိုက်နေရပြီး ကျန်းမာရေး ထိခိုက်တာတွေ ရှိလာလို့ မီးခိုးခေါင်းတိုင် မြှင့်ပေးဖို့ ဒေသခံတွေ တိုင်းအစိုးရအဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။ အဲဒီမီးသင်္ဂြိုဟ်စက်က ထွက်ရှိတဲ့ မီးခိုးနဲ ညှော်နံ့တွေက နေ့စဉ် လေသင့်ရာရပ်ကွက်တွေဖြစ်တဲ့ ဘိုကြီးကုန်း၊ ကျောက်စရစ်ကုန်း၊ ပန်းဆက် စတဲ့အနီးဝန်းကျင်ကို ပျံ့နှံ့နေတာကြောင့် မေလ ၁၉ ရက်နေ့က ရက်ကွက်နေပြည်သူတွေ စုပေါင်း လက်မှတ်ရေးထိုးပြီး တိုင်းအစိုးရ စည်ပင်သာယာရေးဝန်ကြီးထံ လိုအပ်သလိုဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသခံ ဦးသန်းဇော်က DVB ကို ပြောပါတယ်။ မီးသင်္ဂြိုဟ်စက်ကို မနောဖြူလူမှုကူညီရေးအဖွဲ့က တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပြီး လူမျိုးမရွေး ဘာသာမရွေး အခမဲ့ သင်္ဂြိုဟ်နိုင်အောင် ကူညီဆောင်ရွက်ပေးနေတာလို့ မနောဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးဝင်းခိုင်က ပြောပါတယ်။ “မြို့တမြို့ရဲ့ မီးသင်္ဂြိုဟ်စက်နဲ့ သုသာန် စသည့်တို့မှာ မြို့ရဲ့အပြင်ဘက်မှာသာ တည်ရှိတာဖြစ်ပြီး ခုနောက်ပိုင်း လူနေထိုင်မှုများလာတော့ သရောင်းချောင်းအနီးဝန်းကျင် လူအများ နေထိုင်လာကြပြီးနောက်ပိုင်း ခုလို ညော်နံ့တွေ ရရှိလာတာနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေ ရှိလာလို့ သက်ဆိုင်ရာနည်းပညာရှင်တွေနဲ့ တိုင်ပင်ပြီး ခုလက်ရှိထက် ပိုနည်းပညာကောင်းတာတွေ ရှိရင် လာအကြံပြုပေးနိုင်တယ်။” သရောင်းချောင်းမီးသင်္ဂြိုဟ်စက်ကို ၁၉၉၃ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းက စတင်ကာ မနောဖြူလူမှုကူညီရေးအဖွဲ့က ပရဟိတ အခမဲ့မီးသင်္ဂြိုဟ်နိုင်အောင် ဆောင်ရွက်ပေးခဲ့တာပါ။ နေ့စဉ် မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအချိန်ထိ နာရေး ၉ ကြိမ်ထက် မနည်း သင်္ဂြိုဟ်ပေးနေရတယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up