မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် မြဝတီ အမှတ်-၂ ချစ်ကြည်ရေးတံတားမှ ထပ်မံဝင်ရောက်
DVB
·
May 24, 2020
ထိုင်းနိုင်ငံကနေ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်ဟာ မေ ၂၄ ရက် မနက်ပိုင်းက မြဝတီ အမှတ်-၂ ချစ်ကြည်ရေးတံတားကတဆင့် ထပ်မံဝင်ရောက်လာတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးကို စာရင်းပေးပို့ထားသူတွေ ဖြစ်ပြီး ထိုင်းနိုင်ငံကနေ မော်တော်ယာဉ် ၆ စီးနဲ့ မဲဆောက်ကနေတဆင့် ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “သံရုံးထောက်ခံချက်ရယူပြီး နှစ်နိုင်ငံ အစီအစဉ်နဲ့ ကား ၁၆ စီးနဲ့ ဝင်ရောက်လာတယ်” လို့ ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေကို မြဝတီမြို့ Quarantine စခန်းတွေမှာ ထားရှိသွားမှာဖြစ်သလို ဝင်ရောက်လာသူတွေရဲ့ ဓာတ်ခွဲနမူနာတွေရယူပြီး ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့သွားမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော် ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်လည်ဝင်ရောက်လာသူတွေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကဖြစ်ပြီး ပြည်နယ်အစိုးရက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေနဲ့ ချိတ်ဆက်ပြီး မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်သလို ပြည်နယ် တိုင်းဒေသကြီးတွေမှာ Quarantine စခန်းဝင်ရောက်ရမှာ ဖြစ်ပါတယ်။
မေ ၂၃ ရက်နေ့ကလည်း သံရုံးအစီအစဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ကျော်နဲ့ သီးခြားဝင်ရောက်လာသူ ၄၀၀ နီးပါးရှိပါတယ်။
ရဲမင်းခေါင်