မူဆယ်မြို့နယ်၊ ရွှေလီမြစ်အနီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
May 24, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ရွှေလီမြစ်အနီးမှာ မေ ၂၃ ရက်နေ့က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မေ ၂၃ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာ နောင်မွန်ကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ ရွှေလီမြစ်အနီး သွားရောက်စစ်ဆေးရာ ချုံပုတ်အတွင်းမှာ အမ်-၁၆ သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ အမ်-၂၀ ပါရာပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ကျည် ၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မေ ၂၂ ရက် မနက်အစောပိုင်းကလည်း မူဆယ်မြို့မှ ၁၀၅ မိုင်အထွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မသင်္ကာဖွယ် အဆောက်အအုံဟောင်းတလုံးကို စစ်ဆေးရာ ပီနံအိတ်နဲ့ ထုပ်ထားတဲ့ အမ်-၂၂ သေနတ် (ကျည်အိမ်ပါ) ၃ လက်၊ ကျည် ၆၉ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။