DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လူဦးရေစာရင်းကောက်မှုနှင့်ပတ်သက်ပြီး ၇ ဦးကို ဖမ်းဆီး
DVB
·
May 1, 2013
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့က သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ အစိုးရစီမံချက်အဖြစ် ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်ရေးမှ လက်ခံမယ်ဆိုရာကနေ စတင်တဲ့ ပဋိပက္ခအပြီး မွတ်စလင် ၇ ဦးကို ဖမ်းဆီးထားပါတယ်။

အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ ဘဂါင်္လီလူဦးရေ သန်းခေါင်စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆွဲ ဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင် ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာကတော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်လို့ ဧပြီ ၂၄ ရက် နေ့ ဆွဲတင်စစ် အစည်းအဝေးကို တက်သူတဦးက ရှင်းပြပါတယ်။

ဒီနောက် ဧပြီ ၂၆ ရက်နေ့မှာ စစ်တွေမြို့ သက်ကယ်ပြင် မွတ်စလင်ရွာကို ၀င်ရောက် ကောက်ယူပါတယ်။ ဒါကို ရွာသူမွတ်စလင်အမျိုးသမီးတဦးက ဘင်္ဂါလီလို့ မှတ်တမ်းမထည့်ဘဲ ရိုဟင်ဂျာလို့ စာရင်းရေးသွင်းမှသာ စာရင်းပေးမယ်လို့ ပြောရာက စကားများကြောင်းနဲ့ ကျန်ရွာသားတွေကလည်း ရိုဟင်ဂျာလို့အော်ဟစ်ပြီး စာရင်းကောက်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးလည်း ဦးခေါင်းခဲမှန်ဒဏ်ရာ ရခဲ့ပါတယ်။

အခင်းဖြစ်တဲ့ ဧပြီ ၂၆ ရက်နေ့ ညနေမှာပဲ အုပ်ချုပ်ရေးပိုင်းက ရွာရဲ့ ရပ်မိရပ်ဖတွေအပါအ၀င် ၁၀ ဦးကို ခေါ်ဆောင်ဆွေးနွေးပြီး ၂ ဦးကို ဖမ်းဆီးခဲ့သလို ပြဿနာစဖြစ်တဲ့ မွတ်စလင်အမျိုးသမီး သားအမိကို ဖမ်းဆီးခဲ့တယ်လို့ ရွာသား ကိုသိန်းထိုက်က ပြောပါတယ်။

“သက်ကယ်ပြင်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တယ်။ ရပ်မိရပ်ဖအနေနဲ့လည်း ရခိုင်ဘက်ကရော၊ မွတ်စလင်ဘက်ကရော၊ အစိုးရဘက်ကပါ လက်ခံထားတဲ့ ဦးကျော်မြင့်ရယ်၊ ဦးဘသာဆိုတဲ့ ရပ်မိရပ်ဖ ၂ ယောက်ကို ပြန်မလွှတ်ပေးသေးဘဲ ထိန်းချုပ်ထားတယ်။ ပါးရိုက်ခံရတဲ့ အမျိုးသမီးက လူစုတယ်ဆိုပြီး အဲဒီအမျိုးသမီးနဲ့ သူ့သားရယ်ကို ရဲအင်အား ၃၀၀ လောက်နဲ့ လာဖမ်းသွားတယ်။ အမျိုးသမီးနာမည်က ဒေါ်ဆိုလေမာ အသက် ၄၀-၅၀ ၀န်းကျင်နား၊ သားက အသက် ၂၀ ၀န်းကျင်လောက်ရှိတယ်။”

ဧပြီ ၂၇ ရက်နေ့မှာ တကြိမ် နောက်ထပ် ၂ ဦးကို လာရောက်ဖမ်းဆီးခံရပုံကိုလည်း သူက ခုလို ပြောပါတယ်၊။

“အဲနေ့က ၀င်စစ်တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ အရန်မီးသတ် ဗိုလ်ကြီး ဦးစံလင်းလည်း ပါတယ်၊ စာရင်းလိုက်ကောက်ယူတာမှာ လိုက်ပါတယ်။ အဲမှာ ပိုလီယိုကာကွယ်ဆေးတိုက်ဖို့လာတော့ စစ်တပ်လုံခြုံရေးနဲ့ မီးသတ်ကိုအပ်ပြီး သူတို့ ၂ ယောက်ပြန်လာတယ်။ လူတွေမရှိတဲ့အချိန် ပြဿနာဖြစ်တယ်ဆိုပြီး ရှောင်ပြေးတယ်ဆိုပြီး ဖမ်းတဲ့ သဘော။ အုပ်ချုပ်ရေးမှူး ဦးစံလင်းရယ် ရဲစခန်းမှာလိုလို သတင်းရတာပဲ။”

ဧပြီ ၂၉ ရက်နေ့မှာတော့ ကနဦးပိုင်းက ဖမ်းဆီးထားတဲ့ ဦးကျော်မြင့်ရဲ့သား ဦးလှမြင့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သူတို့တတွေ အကုန်လုံး အခုအခါမှာ ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာ မသိရဘဲ စိုးရိမ်ပူပန်ကြတယ်လို့ ဆိုပါတယ်။

ဒီစီမံချက်နဲ့ပတ်သက်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက အတင်းအဓမ္မ မဆောင်ရွက်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“နိုင်ငံသားဖြစ်တယ်၊ မဖြစ်ဘူးဆိုတာက လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စ။ ဒီနေရာမှာ ဘာလို့ စစ်ဆေးတာလဲဆိုတာ ကျနော် စဉ်းစားလို့မရဘူး။ မင်းတို့ ဘင်္ဂါလီဖြစ်ရမယ်၊ ရိုဟင်ဂျာဖြစ်ရမယ်ဆိုတဲ့ကိစ္စက ဒီလောက်ထိ အရေးတယူလုပ်စရာရှိလို့လား။ သန်းခေါင်စာရင်းကောက်ဖို့အတွက် လူဦးရေ စစ်တဲ့အချိန်မှာ နိုင်ငံခြားသားတယောက်အနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ဖြစ်စေ၊ တခြားမည်သည့်အရာနဲ့ဖြစ်စေ မစစ်ဆေးဘဲနဲ့ ဒီလိုအတင်းအဓမ္မလုပ်တာကတော့ ဘယ်ကောင်းမလဲဗျ။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်နဲ့ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်တွေမြို့ခံ ရပ်မိရပ်ဖတဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးထားသူ ၇ ဦးကို အမှုဖွင့်ပြီး စစ်ချက်ရယူနေတယ်လို့ ပြောပြပါတယ်။

ဧပြီ ၂၆ ရက်နေ့ကလည်း ဗောလုဝအမည်ရှိ မွတ်စလင်ဒုက္ခသည်စခန်းမှာ အလားတူ အချေအတင်ဖြစ်ခဲ့ပြီး သေနတ်ပစ်ဖောက် ဖြိုခွင်းလို့ ကလေးငယ်တဦး ခြေထောက်မှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013