DVB Logo
Home
မြန်မာသတင်း
ဘာသာရေးလွတ်လပ်မှု အထူးစိုးရိမ်ရသည့် နိုင်ငံများတွင် မြန်မာ ပါဝင်
DVB
·
May 1, 2013
Donate to DVB

မြန်မာနိုင်ငံဟာ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ မြောက်ကိုးရီးယားတို့နဲ့ အတူ ဘာသာရေး လွတ်လပ်မှု အထူးစိုးရိမ်ရတဲ့ ၁၅ နိုင်ငံမှာ ပါဝင်နေတယ်လို့  အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၂ ဇန်န၀ါရီ ၃၁ ရက်ကနေ ၂၀၁၃ ဇန်န၀ါရီ ၃၁ ရက်အထိ စောင့်ကြည့်ခဲ့ပြီးတော့ ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၃၇၁ မျက်နှာရှိတဲ့ USCIRF ရဲ့အစီရင်ခံစာမှာ ဘာသာရေး လွတ်လပ်မှုအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတာဖြစ်ပါတယ်။

မြန်မာက လက်ရှိလုပ်ဆောင်နေတဲ့ အရေးပါတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို သိသိသာသာတိုးတက်လာတာ မရှိဘူးလို့  အစီရင်ခံစာက ဆိုပါတယ်။

ကချင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ အရပ်သား ခရစ်ယာန်တွေနဲ့ ရခိုင်ပြည်နယ်က ဘာသာရေး အဓိကရုဏ်းတွေမှာ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ ဆိုးဝါးတဲ့ မတော်မတရားမှုတွေ ရှိနေတယ်လို့ ပါရှိပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ မြန်မာသာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အစိုးရကို ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ သံဃာတော်တွေကို ဖမ်းဆီးတာ၊ ဘုရားကျောင်းကန်ကနေ ဖယ်ရှားတာတွေအပြင် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အတွက် သံဃာတော် ၈ ပါးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ရွှေည၀ါဆရာတော် ဦးပညာသီဟကတော့ မြန်မာပြည်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပေမယ့် ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့အကြောင်း အခုလို ပြောပါတယ်။

“လွတ်လပ်စွာကိုးကွယ်ခွင့်တော့ ပေးထားတယ်၊ ဘာသာရေးလွတ်လပ်မှုမရှိဘူးဆိုတာ နှိပ်ကွပ်မှုတွေ၊ အရေးယူမှုတွေကတော့ တောက်လျှောက်ရှိနေဆဲပဲလေ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့လည်း အစိုးရကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ထားပြီးတော့ တကယ့် တကယ့်ကျတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာရဟန်းတွေကို အရေးယူနှိပ်ကွပ်မှုတွေက အမြဲရှိနေတယ်လေ။ တရားပွဲတွေ ဟောကြားခွင့်မပြုတာတွေ ခုထိ ရှိနေသေးတယ်လေ။”

ဒီအစီရင်ခံစာပါ ကချင်ပြည်နယ်က အစိုးရရဲ့ စစ်ဆင်ရေးအတွင်းမှာ အရပ်သား ခရစ်ယာန်တွေကို ပစ်မှတ်ထား မတော်မတရားမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်က ခရစ်ယာန် သင်းအုပ်ဆရာတော်က အခုလို ပြောဆိုပါတယ်။

“နိုင်ငံရေး အပြောင်းအလဲဖြစ်လာတယ်လို့တော့ ကြားတော့ကြားနေရတယ်။ ဒါပေမယ့် ဘာသာရေးလွတ်လပ်မှုက စစ်ဖြစ်တဲ့ဒေသတွေမှာ သိပ်လွတ်လပ်ခွင့်မရှိတဲ့ပုံပေါက်နေတယ်။ တိုက်ပွဲဖြစ်ရင် ဘာကိုမှ သူတို့ဂရုမစိုက်တော့ဘူး။ ဘုရားကျောင်းကို အချုပ်ခန်းလိုပဲ လူတွေမောင်းထည့်ပြီး စစ်ဆေးမေးမြန်းတာလုပ်တာတွေ ရှိတယ်။”

အစီရင်ခံစာကို မဖတ်ရသေးတဲ့အတွက် တစုံတရာ မှတ်ချက်ပေးမပြောလိုပေမယ့် အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ထက် အသက်ရှင်သန်ရေးကို ဦးစားပေးနေရတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

“လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာကတော့ အမျိုးမျိုးမြင်ကြမှာပေါ့။ အခုက လွတ်လပ်စွာ ကိုးကွယ်ခွင့်အထိ မဟုတ်ဘူး။ ကျနော်တို့ အသက်ရှင်ခွင့်နဲ့ ရပ်တည်ခွင့်ကို ကြိုးစားနေတဲ့ အချိန်ပါ။ ”

ဘာသာရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ အပစ်အခတ်ရပ်စဲတာ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် နိုင်ငံသား ပြဿနာတွေကို ဖြေရှင်းတာ၊ ဘာသာရေးလွတ်လပ်မှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်သတ်ထားတဲ့ ဥပဒေပြုပြင်ပြောင်းလဲတာတွေ၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာ အပါအ၀င် သိသာတဲ့ပြောင်းလဲမှုတွေကို မလုပ်ဆောင်ဘူးဆိုရင် အမေရိကန်အစိုးရက လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက် ထိန်းသိမ်းပြီးတော့ အရင်က ရုပ်သိမ်းပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ပြန်လည် ချမှတ်သင့်တယ်လို့လည်း အစီရင်ခံစာက အကြံပေးထားပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF)ဟာ လွတ်လပ်တဲ့ နိုင်ငံရေး ပါတီ ၂ ခုလုံးက ပါဝင်တဲ့ အမေရိကန် ဖက်ဒရယ် အစိုးရ ကော်မရှင်ဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စတဲ့အချက်တွေကို လေ့လာသုံးသပ်ကာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကွန်ဂရက်ကို မူဝါဒဆိုင်ရာ ထောက်ခံချက်တွေ ပေးရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013