မြိုင်မြို့ နယ် ကြံစိမ့်ကြီးကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
May 23, 2020
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကြံစိမ့်ကြီး ကျေးရွာမှာ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံစိမ့်ကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက “နွေရာသီကာလမှာ ကန်ရေခန်းခြောက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေတာပါ။ ကန်ထဲမှာလည်း ရေက နည်းနေလို့ သန့်ရှင်းမှုမရှိဘဲ သောက်သုံးရေအတွက်ကို လက်ယက်တွင်းလေးတွေ ပြုလုပ်ပြီး ရေကြည်ခပ်နေရပါတယ်။ တချို့ကျတော့လည်း ကန်ထဲက မသန့်ရှင်းတဲ့ ရေကိုပဲ အနည်ထိုင်အောင် ပြုလုပ်ပြီး သုံးနေရတာပါ” လို့ ပြောပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနက ရေကန်ဘောင်တင်တာ ပြုလုပ်ပေးပေမယ့် ပြီခဲ့တဲ့မိုးရာသီက ရေဝင်ရောက်မှုနည်းပါးကာ၊ နုံးတွေထိုင်တာကြောင့် ရေတွေ မသန့်ရှင်းတာဖြစ်ပြီး ဌာနဆိုင်ရာတွေအနေနဲ့ နုံးတွေကို ဖယ်ရှားပေးပြီး၊ ကန်တူးဖော်တာတွေ ပြုလုပ်ပေးကာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ဆိုပါတယ်။
ကြံစိမ့်ကြီးကျေးရွာ ဒေသခံတဦးဖြစ်တဲ့ ကိုတင်ဝင်းက “ယခင်နှစ်တွေကတော့ သောက်သုံးရေ လာရောက်လှူတာတွေရှိပြီး အခုနှစ်မှာတော့ ရေကန်လုပ်လိုက်လို့ လှူဒါန်းတာတွေ မရှိပါဘူး။ ကန်ရေဆိုတော့ နွေရာသီရေခန်းခြောက်ပြီး နောက်နေတဲ့ မသန့်ရှင်းတဲ့ ရေတွေ သောက်သုံးနေရလို့ ကျန်းမာရေးလည်း ထိခိုက်နိုင်ပါတယ်။ ဌာနဆိုင်ရာအနေနဲ့ဖြစ်ဖြစ်၊ အလှူရှင်တွေအနေနဲ့ ဖြစ်ဖြစ် အဝီစိစက်ရေတွင်း တူးဖော်ပေးမယ်ဆိုရင်တော့ နွေရာသီ ရေရှားပါးတဲ့ဒုက္ခက ကင်းဝေးနိုင်မယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ် ကြံစိမ့်ကြီးကျေးရွာမှာ အိမ်ခြေ ၁၇၀ လောက်ရှိပြီး လူဦးရေ ၈၀၀ ကျော်ခန့် နေထိုင်ကြတာလို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံကနေ သိရပါတယ်။
မင်းထီး