စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်
DVB
·
May 1, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ကွန်လုံနဲ့ သိန္နီမြို့နယ်က မန်လွန်နဲ့ နားတီးရွာမှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ အကူအညီလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၇ နဲ့ အစိုးရတပ်ရဲ့ စစ်ပွဲတွေကြောင့် ဒီဒုက္ခသည်တွေဟာ ဧပြီလကတည်းက မန်လွန်နဲ့ နားတီးရွာမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။
မန်လွန်မှာ ၁၀၀ ကျော်နဲ့ နားတီမှာ ၂၀၀ လောက် ခိုလှုံနေပြီးတော့ အကူအညီပေးတာ မရှိတဲ့အတွက် ဒုက္ခသည်တွေဟာ အစားသောက်တွေနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့သူက အခုလို ပြောပါတယ်။
“အဓိက အစားအသောက်က ဘယ်သူမှ လာမလှူသေးဘူး။ အစားအသောက်လည်း လိုတယ်။ ပြည်သူ့စစ်တွေက ၁ အိမ်ထောင်ကို ၁ လစာ ဆန် ၁ အိတ်ဆီပေးထားတော့ အဲဒါနဲ့ စားနေရတာပေါ့။ ဆန်ပဲဆိုတော့ ကျန်တာလိုအပ်တယ်။ နယ်စွန်နယ်ဖျားဆိုတော့ ဘယ်အဖွဲ့အစည်းကမှ မသွားသေးဘူး။ စီမံချက်ဧရိယာ မဟုတ်ဘူးဆိုတော့ ချက်ချင်းသွားကူညီဖို့ ဘယ်သူမှအဆင်မပြေကြဘူးလေ။ အဲဒါကြောင့် နေရာထိုင်ခင်း၊ အမိုးအကာနဲ့ အစားသောက်တွေ လိုအပ်နေတာ။”
ခိုလှုံနေတာ ၁ လနီးပါး ကြာလာပြီဖြစ်တဲ့အတွက်လည်း အစားအသောက်တွေ လိုအပ်လာတာ ဖြစ်ပြီး ဒီနေရာမှာ ခိုလှုံတဲ့သူတွေဟာ ထောက်ပံ့ကူညီတာတွေ အခုထိမရသေးဘူးလို့ ဆိုပါတယ်။
ဒုက္ခသည်တွေဟာ ရွာတွေ အသိမိတ်ဆွေနေအိမ်တွေမှာ ဒါမှမဟုတ်ရင် တချို့က ယာယီတဲတွေထိုးပြီးတော့ ခိုလှုံနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် သောင်းချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်က ဒုက္ခသည်စခန်းနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။