ပိုးသတ်ပြီးသား တစ်ခါသုံး Mask များပိုမိုအသုံးပြုရန် ဆရာဝန်များတိုက်တွန်း
ဇေယျာချမ်းအေး
·
May 22, 2020
ပြည်သူတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ပိုးသတ်ပြီးသားတစ်ခါသုံး နှားခေါင်းစည်း Mask တွေကိုပဲ အသုံးပြုစေချင်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။
ဒါ့အပြင် Mask တွေကို ဖက်ရှုင်သဘော ဝတ်ဆင်တာထက် ကျန်းမာရေးလုံခြုံမှုကို ဦးစားပေးပြီး ဝတ်ဆင်တာမျိုးက ပိုဖြစ်သင့်တယ်လို့လည်း ဆရာဝန်တွေက မှတ်ချက်ပေး ပါတယ်။
COVID- 19 ကပ်ဘေးကာလကြာလာတာနဲ့အတူ Mask ဖိုးစရိတ်ကို ပြည်သူတွေက မတတ်နိုင်တော့တဲ့အတွက် အိမ်လုပ်ပိတ်စ Mask တွေကို အသုံးပြုတာ များလာပါတယ်။
အိမ်လုပ်ပိတ်စ Mask တွေဟာ အတိုင်း အတာတစ်ခုအထိ ရောဂါပိုး ကိုကာကွယ်နိုင်တယ်ဆိုပေမယ့် ပိုးသတ်ပြီးသား တစ်ခါသုံး Mask လောက်တော့ လုံခြုံမှုမရှိနိုင်ဘူးလို့ ဆရာဝန်တွေက သုံးသပ်ပါတယ်။
အပြင်သွားပြီး ပြန်လာလို့ အဖြုတ်အတပ်ပြုလုပ်တဲ့အခါ၊ လျှော်ဖွပ်တဲ့အခါ ၊ အခြောက်ခံတဲ့ အချိန်တွေမှာ အားနည်းချက်တွေရှိနိုင်တယ်လို့ စာရေးဆရာ၊ ဆရာဝန် ဒေါက်တာစိမ့်စမ်းဖြူ က ပြောပါတယ်။
COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ ဆေးဝါးပညာရှင်တွေကိုယ်တိုင် လေ့လာစူးစမ်းတာတွေပြုလုပ်နေရဆဲဖြစ်တဲ့အတွက် Mask တပ်တာဟာ ဘယ်လောက် ရာခိုင်နှုန်းအထိ လုံခြုံမှုပေးနိုင်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။
အဲဒါအပြင် ပိုးသတ်ပြီးသား တစ်ခါသုံး Mask နဲ့ အိမ်ချုပ် ပိတ်စ Mask တွေဟာ ဘယ်လိုကွာခြားပြီး ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်မယ်ဆိုတာ အတိအကျမပြောနိုင်ဘူးလို့ NLD ပညာရေးကွန်ရက်က ဆရာဝန် ဒေါက်တာ ကျော်စွာဦး ပြောပါတယ်။
သေချာတာကတော့ အကာအကွယ်မဲ့အပြင်ထွက်တာထက် အိမ်ချုပ်ပိတ်စ Mask တွေကို အသုံးပြုတာကတော့ ပိုကောင်းပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အိမ်ချုပ်ပိတ်စ Mask ချုပ်ပြိုင်ပွဲကို ကျင်းပပေးနေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
“Mask ပြိုင်ပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။