COVID-19 ကာကွယ်ထိန်းချုပ်ရေး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၅၀ ချေးရန် လွှတ်တော်အတည်ပြု
DVB
·
May 22, 2020
COVID-19 အလျင်အမြန်ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူဖို့နဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
မေလ ၂၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့ရာမှာ ကန့်ကွက်သူမရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တာပါ။
ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရယူဖို့နဲ့ ပတ်သက်လို့ မနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ဝေဖန်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီကနေ့ လွှတ်တော်မှာ ပြန်လည်တုံ့ပြန်သွားပါတယ်။
လူထုအကြား COVID-19 ရောဂါပိုးရှိ မရှိစစ်ဆေးမနိုင်သေးတဲ့ အခြေအနေမှာ ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လိုသလို ချယ်လည်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဝေဖန်ပြောကြားခဲ့တာပါ။
ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို လိုသလိုကြိုးကိုင်ထားသလို ဖြစ်နေတယ်လို့ ဆွေးနွေးခဲ့တာပါ။
ဒီလိုဆွေးနွေးမှုတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးက ပြန်လည်တုံ့ပြန်ရာမှာ ဗိုလ်မှူးဝင်းမင်းထွန်းရဲ့ဆွေးနွေးမှုအတွင်း ပါရှိတဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့သလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လိုသလိုခြယ်လှယ်ထားခြင်းမရှိဘူးလို့လည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဖြိုးသက်ပိုင်မြင့်