သစ်ပင်တွေ အများကြီးစိုက်ဖို့ မလိုပါဘူး

Photo-TreeChain Network
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သစ်ပင်စိုက်နေတဲ့ဓာတ်ပုံကို မြင်တော့ " မြန်မာနိုင်ငံမှာ သစ်ပင်တွေအများကြီးစိုက်ဖို့မလိုပါဘူး "လို့ စိတ်ထဲမှာ အလိုအလျောက် ရေရွတ်မိတယ်။ "ဘာကြောင့်သစ်ပင်စိုက်ကြတာလဲ"ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၁၅ ခုနှစ်က The Earth ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်တယ်။ နှစ်စဉ် ဇွန်လ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အထိမ်းအမှတ်နေ့ဟာ မြန်မာနိုင်ငံနဲ့ မစိမ်းတော့သလို အဲ့ဒိနေ့အပြင် မိုးရာသီ‌ရောက်ရင် သစ်ပင်စိုက်ပျိုးကြတဲ့ ဓလေ့မြန်မာနိုင်ငံမှာ ထွန်းကားနေပေမဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဲ့ဒိမေးခွန်းကတော့ "ဘာကြောင့်သစ်‌ပင်စိုက်ကြတာလဲ" ဆိုတာပါပဲ။ ဒီလို မေးခွန်းထုတ်စရာအခြေအနေကို ကျဉ်းချုပ်မျှပြောပါမယ်။ တကယ်တော့ လူတိုင်းနီးပါး သစ်ပင်စိုက်ပျိုးခြင်းနဲ့မစိမ်းကြပါဘူး။ ဟိုးငယ်စဉ်ကျောင်းသားဘဝ ကတည်းက ကျနော်တို့ တွေ သစ်ပင်စိုက်ခြင်းနဲ့ရင်းနှီးပြီးသားပါ။ ကျနော်တို့ ကျောင်းသားဘဝ ကတည်းက သစ်ပင်တွေ စိုက်ပျိုးခဲ့ကြဖူးတယ်ဆိုပေမဲ့ ဘာကြောင့်သစ်ပင်စိုက်ရတယ်၊ သစ်ပင်ဟာ လူသားအပါအဝင် သက်ရှိတွေအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဘယ်သူကမှ အလေးအနက်ထား ပြောပြတာမျိုးတော့  မရှိခဲ့ပါဘူး။ ပြောပြရကောင်းမှန်းမသိတာလည်း ဖြစ်နိုင်ပါတယ်။ အတန်းပိုင်ဆရာ၊ ဆရာမက ကျောင်းသားတစ်ယောက်ကို အပင်တစ်ပင်စီယူလာခဲ့ဆိုလို့သာ တွေ့တဲ့အပင် ဆွဲနုတ်ယူဆောင်ပြီးပြန်လည်စိုက်ပျိုးခဲ့ကြတာ။ မိုးတွေဒီလောက်ရွာနေတာ သစ်ပင်စိုက်ခိုင်းရလားဆိုပြီး ဆရာ၊ ဆရာမတွေကိုတောင် အပြစ်တင်မိပါသေးတယ်။ ကျောင်းပတ်ဝန်းကျင်မှာ သစ်ပင်စိုက်ဖို့အတွက် အပင်ပျိုးထောင်တာ၊ ကျောင်းသားမိဘတွေဆီကို ကြိုတင်အကြောင်းကြားထားတာမျိုး မရှိခဲ့သလို ဘာကြောင့် သစ်ပင်စိုက်ရတယ်ဆိုတာမျိုး ဆရာ(သို့)ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို အသိပညာပေးတာ မရှိခဲ့လေတော့ သစ်ပင်စိုက်ရတာကို စိတ်မဝင်စားကြတာပါ။ ကျောင်းသားတွေ လက်ထဲမှာဘယ်လို သစ်ပင်အမျိုးအစားတွေ ပါလာသလဲဆိုတာကအစ အစစ်အဆေးလုပ်သူ မရှိလေတော့ လမ်းဘေးကခြုံနွယ်အမျိုးအစားတွေပါ စိုက်ပျိုးခဲ့ကြဖူးပါတယ်။ ဘာကြောင့် သစ်ပင်စိုက်ရတယ်ဆိုတာကို မသိတဲ့အခါ အကျိုးရှိအောင်မလုပ်တဲ့ ပြယုဂ်ပါ။ ဆိုခဲ့ပြီးတဲ့အတိုင်း သစ်ပင်တွေကို မူလတန်းကတည်းက ကျနော်တို့ နှစ်တိုင်းစိုက်ပျိုးခဲ့တာ ကျောင်းပြီးတဲ့အထိပဲ ဆိုပါတော့။ သူငယ်တန်းကနေ ဘွဲ့တစ်ခုခုရပြီးတဲ့အထိဆိုရင် အနည်းဆုံး ၁၅ နှစ်ပတ်ဝန်းကျင်လောက်တော့ ကျောင်းသားဘဝမှာ ကျင်လည်ခဲ့ဖူးကြတာပါ။ သစ်ပင်ကိုလည်း နှစ်တိုင်းစိုက်ခဲ့ကြပေမယ့် အဲ့ဒီကာလအတောအတွင်းမှာ ကျနော်တို့ စိုက်ပျိုးခဲ့တဲ့သစ်ပင်တွေ ရှင်သန် ကြီးထွားခဲ့ကြ ပါရဲ့လား။  ပထမတန်းလောက်ကတည်းက စိုက်ပျိုးခဲ့တဲ့သစ်ပင် ရှင်သန်ကြီးထွားမယ်ဆိုရင် ၁၅ နှစ်ဝန်းကျင်သက်တမ်းရှိတဲ့အပင်ဟာ အမျိုးသားကြီး တစ်ဖက်တော့ အနည်းဆုံးရှိနေမှာ သေချာပါတယ်။ သိကြတဲ့အတိုင်း စိုက်တာကတော့နှစ်တိုင်းပါပဲ။ ရလဒ်ကတော့ ဒီနေ့စိုက်မနက်ဖြန်ပျက်ပါ။အလွန်ဆုံးခံလှတစ်လပေါ့။ စိုက်တိုင်းသာရှင်မယ်ဆိုရင် ကျောင်းသားတွေ ကိုယ့်ကျောင်းမှာ စိုက်စရာမြေမရှိလို့ တခြားနေရာတွေမှာပါ လိုက်လံစိုက်ပျိုးနေကြရပြီ။ အခု ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို ကုစားဖို့လိုလာပြီဆိုတော့ နှစ်တိုင်းလိုလို  သစ်ပင်စိုက်ပျိုးကြဖို့ လှုံ့ဆော်ကြတယ်၊ အားရကျေနပ်စရာကောင်းလောက်အောင်လည်း စိုက်ပျိုးကြပါတယ်။ အဖွဲ့အစည်းတွေပြုလုပ်တဲ့သစ်ပင်စိုက်ပွဲ တော်တော်များများကိုလည်း ကျနော်လိုက်ဖူးတယ်။ လူတွေမှအများကြီး၊ ကားလေးငါးစီးနဲ့ပျော်စရာ၊ ပျိုးထုပ်တင်တဲ့ကား၊ လူစီးကားစသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။ လူတိုင်းသစ်ပင်ချစ်တတ်ဖို့ စည်းရုံးတဲ့ သဘောဖြစ်မှာပါ။ ဒီနေရာမှာအမုန်းခံပြောရရင် တချို့ကသစ်ပင်စိုက်ဖို့သွားတာ  အပျော်တမ်းခရီးသွားသလိုလို၊ လေ့လာရေးခရီးလိုလို၊ ရှူတင်သွားသလိုမျိုး ကော့လို့၊ ကျော့လို့။ စိုက်တဲ့နေရာရောက်ပြန်တော့လည်း လက်ကိုရွှံ့ပေမှာ၊ ဖိနပ်ရွှံ့ပေမှာ စိုးရွံ့နေကြပြန်တယ်။ တချို့ဆိုရင် ကိုယ်စိုက်မယ့်အပင်ကို ကိုယ်တိုင်ကျင်းတူး စိုက်ကြတာမဟုတ်ပါဘူး၊ ပျိုးပင်မှာပါလာ တဲ့ ပလပ်စတစ်အိတ်ကိုခွဲ၊ တူးပြီးသားကျင်းထဲကို အသင့်ထည့်ရုံပါ၊ ဒါကို သစ်ပင်စိုက်သည်ဟု ခေါ်သည်ပေါ့။ တစ်တောင်၊ တစ်ထွာ၊ တစ်မိုက်ရှိတဲ့ ပျိုးပင်ကို လူသုံးလေးယောက် ဝိုင်းစိုက်နေတတ်ကြတယ်။ မြင်ရတာတစ်မျိုးတော့ ဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ်လေစိုက်ဖို့လိုတယ်ဆိုတဲ့စိတ်နဲ့ စိုက်နေကြတာကိုတော့ ဂုဏ်ယူပါတယ်။ တချို့က လေးငါးပင်စိုက်တယ်၊ တချို့က ဟန်ရေးပြတစ်ပင်လောက်စိုက်ပြီး ဝေလေလေလုပ်တယ်။ အမှတ်တရ ဓာတ်ပုံရိုက်တယ်။ တချို့က စိုက်ပြီးသားအပင်ကို ငွေရောင်ခရား၊ ရွှေရောင်ခရားနဲ့ ရေလောင်းတယ်။ ဒါကိုဓာတ်ပုံရိုက်ပြီး သတင်းစာမှာထည့်တယ်၊ တချို့ FB ပေါ်တင်တယ်။ ဘာပဲဖြစ်ဖြစ်လေတစ်ပင်ဆိုတော့လည်း လုံးဝမစိုက်တာနဲ့ယှဉ်ရင် အကျိုးရှိသေးတယ်။ စိုက်ပြီးတော့ ပြန်လာကြတယ်၊ စိုက်ပြီးဆိုတာ အဲ့ဒါပါပဲ။ သစ်ပင်စိုက်တဲ့လုပ်ငန်း တာဝန်ပြီးဆုံးပြီလို့ ယူဆကာ ပြန်လာခဲ့ကြတယ်။ ကိုယ်စိုက်ပြီးတဲ့သစ်ပင်င် ကြီးထွားရဲ့လားဆိုတာကိုအသာထား ရှင်မှရှင်သန်ပါရဲ့လား ဆိုတာကိုပင် မသိသူ၊ ပြန်မကြည့်သူတွေ ဒုနဲ့ဒေးပါ။ အပင်စိုက်တဲ့အဖွဲ့အစည်းတိုင်း၊ အပင်စိုက်တဲ့လူ တိုင်းကိုတော့ မဆိုလိုပါဘူး။ စိုက်ပြီးတဲ့သစ်ပင်ကို ကျောခိုင်းပြီ ဆိုကတည်းက သဘာဝအရ ပျက်စီးခြင်းက စတော့တာပါပဲ။ ကျွဲ၊ နွား၊ ဆိတ်စတဲ့ တိရစ္ဆာန်တွေကြောင့်ပျက်စီးမယ်။ ရွာနဲ့နီးရင် ကလေးတွေကြောင့် ပျက်စီးမယ်၊ ရာသီဥတုကြောင့်ပျက်စီးမယ်၊ အပင်အားနည်းလို့ အလိုအလျောက် ပျက်စီးမယ်။ ဆိုကြပါစို့ ကျနော်တို့ သစ်ပင်တစ်ရာစိုက်ခဲ့တယ်ဆိုပါတော့ ဘယ်နှစ်ပင်လောက် ရှင်သန်ကြီးထွား တယ်ဆိုတာ ဘယ်သူကများ အရေးတယူလုပ်ပြီး ပြန်ကြည့်ဖူးပါသလဲ။ ကြီးထွားဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်တာကို အသာထား၊ အရည်အတွက်ဘယ်လောက်ရှင်သန်နေလဲ ဆိုတာကိုတောင် ပြန်ကြည့်သူ အလွန်ရှားပါးပါလိမ့်မယ်။ အဖျက်အန္တရာယ်တွေဝိုင်းနေတဲ့ ကြားမှာ စိုက်ပြီးသစ်ပင်တွေအထဲက ၁၀ ရာခိုင်နှုန်းမရှင်တာကို ကိုယ်တွေ့ကြုံဖူးခဲ့တယ်။ အထက်မှာပြောခဲ့သလို ကုမ္ပဏီတစ်ခုက ကွမ်းခြံကုန်းဘက်မှာ သစ်ပင်သွားစိုက်တော့ ကျနော်လည်းပါတယ်ပေါ့။ ပြောခဲ့သလို တခမ်းတနားပဲဆိုပါတော့။ သစ်ခုတ်တဲ့နေရာမှာ သူမတူအောင်ကျော်ကြားတဲ့သူရဲ့ကုမ္ပဏီပေါ့။ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာ စုရပ်လုပ်ပြီး ကား လေးငါးစီးနဲ့သွားကြတာပါ၊ လူတွေကလည်း မျက်စိနောက်လောက်အောင် များလေတော့ ပျော်စရာကြီးပေါ့။ တချို့ဆိုမင်းသားမင်းသမီး အရှုံးပေးရတယ်။ ဟေးလားဝါးလားနဲ့သွားပြီး တပျော်တပါးကြီး စိုက်ပျိုးကြတယ်ဆိုပါတော့။ စိုက်ပြီးတော့ ပါလာတဲ့ကြက်ဆီထမင်းတွေ စားကြ သောက်ကြတယ်။ ပြီးတော့ သစ်ပင်စိုက်သူအဖြစ် ဝင့်ဝင့်ကြွားကြွားပြန်လာခဲ့ကြတယ်ပေါ့။  "ငါတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများဖြစ်ကြသကိုး"ဆိုတဲ့ ပုံစံမျိုးနဲ့ ဝင့်ဝင့်ကြွားကြွားလေး ပြန်ခဲ့ကြတယ်ပေါ့။ တစ်လကျော်လောက်အကြာမှာ ကိစ္စတစ်ခုနဲ့ အဲဒိဘက်ရောက်တော့ သတိတရနဲ့ ကိုယ်တွေစိုက်တဲ့ သစ်ပင်တွေကို ဝင်ကြည့်ဖြစ်တယ်။ အပင်တွေဘယ်လောက်ကြီးနေပြီလဲပေါ့။ ဘယ့်နှယ်ဗျာ…လူတစ်ရာလောက်စိုက်ခဲ့တဲ့ သစ်ပင်သုံးရာကျော်က ကြီးထွားဖို့မပြောနဲ့ တစ်ပင်တောင်ရှင်တာ မတွေ့ရဘူး။ ရွာနဲ့နီးလေ ပျက်စီးဖို့ပိုသေချာလေ၊ ပျက်စီးနှုန်းပိုမြန်လေ၊ ပျက်စီးနှုန်းပိုများလေဆိုတာကို အဲ့ဒိနေ့မြင်ကွင်းကို ကြည့်ပြီး ကျနော်သိလိုက်တယ်။ နွေကာလမှာ မြင်မြင်သမျှ ခြောက်သယောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဟာ မိုးထိပြီဆိုတာနဲ့ အလေ့ကျပေါက်ပင်တွေ ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းစိုစို ဖြစ်လာတာဆိုတော့ တစ်နွေလုံး အစာ၀၀လင်လင်မစားရတဲ့ အပင်စားတိရစ္ဆာန်တွေ ပွဲတွေ့တော့တာပါပဲ။ ကျွဲကမြက်စားပြီး ရေစပ်စပ်တွေ့ရင်လူးတယ်၊ တခြားအပင်တွေကို နင်းတယ်၊ ပျက်စီးတယ်။ နွားကမြက်စားတယ်၊ တခြားအပင်တွေကိုနင်းတယ်၊ ပျက်စီးတယ်။ ဆိတ်ကတွေ့သမျှအပင်ကိုစားတယ်၊ နင်းတယ်၊ ပျက်စီးတယ်။ ဒီတော့ စိုက်ထားတဲ့ဒီအပင်တွေ ပျက်စီးတာသဘာဝလို ဖြစ်နေတာပေါ့။ စိုက်ပြီးထားခဲ့တဲ့သစ်ပင်တွေဟာအကြောင်းအမျိုးမျိုးကြောင့် ရှင်သန်ကြီးထွားတဲ့ဘက်ကို ရောက်မလာဘူးလို့ ဆိုချင်တာပါ။ စိုက်ထားတဲ့သစ်ပင်တွေသာ မရှင်သန် မကြီးထွားတာ၊ သစ်ပင်စိုက်ဖို့အတွက် ပျိုးပင်ဝယ်ရတယ်၊ ကားငှားရတယ်၊ လိုက်ပါစိုက်ပျိုးသူတွေစားဖို့ စီစဉ်ရတယ်။ ဒီတော့ငွေကုန် လူပန်းဖြစ်တယ်။ သစ်ပင်ကတစ်ပင်မှမရှင်တော့ တန်ပါရဲ့လားပေါ့။  ဒါကြောင့် ရှင်သန်ကြီး ထွားခွင့်မရတဲ့ သစ်ပင်တွေကို ဘာကြောင့်စိုက်ပျိုးကြတာလဲလို့ မေးခွန်းထုတ်တဲ့သဘောပါ။ တကယ်ဆိုရင် သစ်ပင်စိုက်တဲ့အဖွဲ့အစည်းက သစ်ပင်စိုက်ရုံမဟုတ်ပဲ စိုက်တဲ့အပင် အတိုင်းအတာတစ်ခုထိ ရှင်သန်ကြီးထွားအောင်တာဝန်ယူဖို့လိုပါတယ်။  စိုက်ထားတဲ့အပင် ရှင်သန်ကြီးထွားစေချင်တဲ့ စေတနာရှိခဲ့ရင် စိုက်ခင်းထိန်းသိမ်းစောင့်ရှောက်သူထားရှိရမှာပါ၊ ဒါမှ သဘာဝအလျောက် ပျက်စီးမယ့်အပင်က အစ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်မှာပါ။ အခုလည်း ပြောချင်စရာတစ်ခုထပ်တွေ့ပြန်တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူတစ်စုသစ်ပင်စိုက်တဲ့ မှတ်တမ်းဓါတ်ပုံ Facebook မှာတွေ့လိုက်ပါတယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက် သစ်ပြစိုက်ပြတာဟာ ရှေ့ဆောင်လမ်းပြအဖြစ် အင်မတန်မှ ကောင်းမွန်လှပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သစ်ပင်စိုက်ရာမှာ ပျိုးအိတ်ကို ဖယ်ထုတ်မပစ်ပဲ ပျိုးအိတ်ကိုပါ မြေကျင်းထဲထည့်ပြီး မြေဖို့နေတာတွေ့ရတယ်။ ဒါကြောင့် အပြုဘောအနေနဲ့ "သစ်ပင်စိုက်ရင်ပျိုးအိတ်ကို ဖယ်ထုတ်ပစ်ရတယ်ဆိုတာလောက်တော့ လူကြီးတွေ သိသင့်တာပေါ့"လို့ ကိုယ့်ရဲ့ Facebook မှာ ပုံနဲ့တကွ Post တင်ဖြစ်တယ်။ ချက်ချင်းပဲ အဲ့ဒီ Post အောက်မှာ သစ်တောဌာနဝန်ထမ်းဟောင်းတစ်ဦးက အခုလို Comment ပေးပါတယ်"ဒီအိတ်က မဖယ်လည်းရတယ်​လေ အမြစ်​တွေက သူ့ဖာသာ ​ဖောက်ထွက်ပြီး ​​​မြေစွဲသွားတယ်" တဲ့။ ကျနော်လည်း အံ့ဩသွားတယ်၊ သာမာန်လူဆိုရင်တော့ အံ့ဩမိမှာမဟုတ်ပါဘူး၊ သစ်တောဝန်ထမ်းက အခုလို‌ပြောတာမို့ အံ့ဩမိတာပါ။ "ပလပ်စတစ်အိတ်က အမြစ် မဖောက်နိုင်ပါဘူးဆရာ၊ မြေရေခွံအိတ်ကသာ အမြစ်ဖောက်နိုင်တာပါ"လို့ ကျနော် Reply ပြန်တော့မှ သူက " မြွေရေခွံအိတ်မှတ်နေတာ" လို့ ပြန်ပြောတယ်။ နည်းလမ်းအမှန်က သစ်ပင်စိုက်တဲ့အခါမှာ ပျိုးထုပ်ကို ဖယ်ထုတ်ပစ်ရပါတယ်။ ပလပ်စတစ်အိတ်ပဲ ဖြစ်ဖြစ် ‌မြေရေခွံအိတ်ပဲဖြစ်ဖြစ် ထည့်မစိုက်ရပါဘူး။  မြေရေခွံအိတ်ကို ဘာကြောင့်  ခြွင်းချက်ထားရသလဲဆိုရင် မြေရေခွံအိတ်ဟာ ဖျာယက်သလိုပုံစံမျိုးမို့ အမြစ်မွှား‌( အစာရှာမြစ်) လေးတွေ ဖေါက်ထွက်နိုင်ပါတယ်။ ဒါပေမဲ့ အပင်ကထွက်သမျှ အမြစ်အားလုံး အပြင်ကိုဖေါက်ထွက်တာမျိုးမဟုတ်ပါဘူး။  အိတ်ရဲ့ကြံ့ခိုင်မှုအားနည်းတဲ့နေရာကသာ ဖေါက်ထွက်နိုင်တာပါ။ ပြောလိုတာက သစ်ပင်အားလုံးဟာ အမြစ်အားကောင်းမှ ရှင်သန်ကြီးထွားမှုအ အားကောင်းတာပါ။ အပင်တွေရဲ့ ဖြစ်တည်မှုအစကိုကြည့်ရင် အမြစ်ကအရင်စထွက်တာပါ။ အမြစ်ခြေကုပ်ရပြီဆိုမှ အရွက်လေးနှစ်ရွက်ထွက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အပင်တစ်ပင်ရဲ့ ရှင်သန်မှု ကြီးထွားမှုဟာ အမြစ်ပေါ်မူတည်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။  ဒါကြောင့်ပျိုးအိတ်မချွတ်ပဲ မြေချစိုက်တဲ့အခါ မြေအောက်ဆင်းရမယ့် ပင်စည်မြစ်က မြေအောက်မဆင်းနိုင်၊ အစာရှာမြစ်တွေက ဘေးကို မပြန့်ပွားနိုင်ဘဲ ပျိုးအိတ်ထဲမှာ ခွေခေါက်နေပါမယ်။ အချိန်အတိုင်းအတာ တစ်ခုအရောက်မှာ အမြစ်တွေ အပေါ်ကိုပ ပြန်တက်ပြီးမှ ဘေးကို ပြန်ကားသွားရပါတယ်။ အမြစ်တွေဟာ အခက်အခဲတွေကျော်ဖြတ်နေရတာမို့ အပင်ရဲ့ကြံ့ခိုင်မှုနဲ့ ရှင်သန်ကြီးထွားမှုကိုချက်ချင်းမလုပ်နိုင်ပါဘူး၊ ဒီအချိန်မှာ နေပူပြင်းရင် ဒါမှမဟုတ် မိုးရေများရင် အပင်သေတတ်ပါတယ်။ အကြောင်းမညီညွှတ်လို့ မသေခဲ့ရင်တောင် အပင်ဆဲလ်တွေအားမကောင်းပဲ သိမ်လှီနေတတ်ပါတယ်။ ဘာကြောင့်သေတာလဲဆိုရင် အိတ်မချွတ်ပဲ မြေဖို့ထားတာမို့ အပေါ်ကရေလောင်းတဲ့အခါ ပျိုးအိတ်ထဲမှာ ရေခိုပြီးအမြစ်‌ရေမွန်းတာ အမြစ်ပုတ်တာ‌၊ အမြစ်ဆွေးတာကြောင့် သေတာပါ။ ပျိုးအိတ်တွေမှာ ရေထွက်ပေါက်ရှိပေမဲ့ မြေထဲမြှုတ်ထည့်ထားတဲ့အခါ အပေါက်ပိတ်ပြီး ရေဟာပျိုးအိတ်ထဲမှာ အချိန်ကြာကြာခိုအောင်းနေလို့ပါ။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင်ကအစ သစ်ပင်ကို သေအောင်စိုက်နေတုန်းပါပဲ။  ရှေ့ဆောင်လမ်းပြအဖြစ် သေအောင်စိုက်ပြသလို ဖြစ်နေတာပါ။ ဒါကြောင့် သစ်ပင်စိုက်သူအားလုံးကို စကားလက်ဆောင်လေးတစ်ခုပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ "သစ်ပင်တွေအများကြီး စိုက်ဖို့မလိုပါဘူး၊ စိုက်ပြီးသစ်ပင်ကိုပဲ ရှင်အောင်လုပ်ကြပါ "လို့။  ဆိုလိုတာက မရှင်မဲ့သစ်ပင်တွေအများကြီး စိုက်မယ့်အစား တနိုင်စိုက်ပြီးး ရှင်သန်ကြီးထွားအောင် လုပ်စေချင်တာပါ။ သစ်ပင်တွေအများကြီး ထောင်သောင်းမက စိုက်နိုင်တာကို ဂုဏ်မယူကြပါနဲ့။ စိုက်ပြီးသစ်ပင် ဘယ်လောက်ရှင်သန်ကြီးထွားတယ်ဆိုတာကိုပဲ ဂုဏ်ယူကြဖို့ပါ။ ဒါကြောင့် သစ်ပင်အများကြီး စိုက်ဖို့မလိုပါဘူး၊ တနိုင်စိုက်ပြီး ရှင်အောင်ထိန်းသိမ်းကြဖို့ မေတ္တာရပ်ခံချင်တာပါ။ ဆောင်းပါးရှင် - ဇွဲဝဏ္ဏ(ကျုံပျော်) Photo Credit- TreeChain Network

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up