သစ်တန်ချိန်အမြောက်အမြားနှင့်ဖမ်းမိသူ ၁၁ ဦးကို မောင်တောမြို့နယ်တရားရုံးတွင် အမှုဖွင့်
DVB
·
May 22, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ပင်လယ်ပြင်မှာ သစ်တန်ချိန်အမြှောက်အမြား တင်ဆောင်ထားတဲ့ ရေယာဉ် ၂ စီးနဲ့အတူ ဖမ်းဆီးရမိသူ ၁၁ ဦးကို မောင်တောမြို့နယ်တရားရုံးမှာ မေလ ၂၀ ရက်နေ့က အမှုဖွင့်လှစ်ကာ ချုပ်ရမန်ရယူခဲ့ပါတယ်။
ပြင်ဖြူစခန်းမှ တာဝန်ရှိသူ အရာရှိတဦးက "မနေ့က မောင်တောမြို့နယ်တရားရုံးမှာ အမှုဖွင့်လှစ်ပြီး ချုပ်ရမန်ရယူထားတယ်။ သစ်တွေကိုတော့ မောင်တောမြို့နယ်သစ်တောကို ပြောင်းနေကြတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ သစ်တန်ချိန်မြောက်မြားစွာ တင်ဆောင်ထားတဲ့ ရေယာဉ် ၂ စီးမှာ ရွှေပြည်သစ်အမည်ရှိ (ကရိမ်း) ပါ ရေယာဉ်နဲ့ ဆုကျော်လင်းအမည်ရှိ ရေယာဉ်တို့ဖြစ်တယ်လို့ ဆိုပါတယ္။
ရွှေပြည်သစ်ရေယာဉ်ပါ ဖမ်းမိသူ ၅ ဦးနဲ့ ဆုကျော်လင်းရေယာဉ်မှ ဖမ်းမိသူ ၆ ဦးတို့ကို သစ်တောဥပဒေပုဒ်မတွေနဲ့ ပြင်ဖြူနယ်မြေစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ မောင်တောမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က ပြောပါတယ်။
"ဖမ်းမိတဲ့ရေယာဉ်က ၂ စီး၊ သစ်တွေကတော့ သစ်ခွဲသားသစ်အမျိုးအစားအစုံပါတယ်။ တန်ချိန်ကို အခု ကားပေါ်တင်တဲ့အချိန်မှာ တန်ချိန်ချိန်တုန်းပါ။ အတိအကျ မပြောနိုင်သေးဘူး။ ခန့်မှန်းတန်ချိန် ၁၃၀ တော့ ခန့်မှန်းထားတယ်။ ဒီထက်များနိုင်ပါတယ်။ ပြင်ဖြူစခန်းမှာ သစ်တောဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်။"
သစ်တန်ချိန် အမြောက်အမြားတင်လာတဲ့ အဲဒီရေယာဉ် ၂ စီးအား မေ ၁၈ ရက်နေ့ မနက်ပိုင်းက မှိုဝင်ကျေးရွာ နတ်မြစ်ဝအနီးမှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်ပို့ဆောင်နေစဉ် အမှတ်(၁)နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာပါ။
သစ်တွေကို ရခိုင်ပြည်နယ် တတောင်ကုတ်မြို့ လမုချောင်းကနေ တင်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ သစ်ရေယာဉ် ၂ စီးအား ကညင်ချောင်းစီးပွားရေဇုန်ဆိပ်ကမ်းမှာ ရပ်တန့်ပြီး သစ်တွေကို တန်ချိန်တိုင်းတာကာ မောင်တောမြို့နယ်သစ်တောရုံးကို ပိုဆောင်ထားတယ်လို့ သိရပါတယ်။
အခုအကြိမ် ဖမ်းမိတာဟာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်တင်ပို့တဲ့ သစ်တန်ချိန် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
လင်းလက်