DVB Logo
Home
မေးမြန်းခန်း
ငါးလုပ်ငန်းနာလန်ထူဖို့ အကူအညီ လိုအပ် – ဦးဝင်းကြိုင်
DVB
·
May 1, 2013
Donate to DVB

လက်ရှိ မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်းထုတ်လုပ်မှု အလွန်အမင်းကျဆင်းနေပြီး ဒီယိမ်းယိုင်ကျဆင်းမှု ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကျားကန်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းကြိုင်ကို မေးမြန်းထားပါတယ်။

မြန်မာပြည်ထဲမှာ ငါးစာကုန်ကြမ်းရှားပါးလို့ ငါးထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်တယ်လို့ ကြားရလို့။

“၃၀ ရာခိုင်နှုန်းကျတော့လည်း အရမ်းကြီးလျော့သွားတဲ့သဘော ဖြစ်နေတာပေါ့။ အဓိက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ်မှတ်လိုက်တဲ့ အချိန်ကစပြီး တိုက်ဆိုင်စွာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ စပြီးကျဆင်းပြီး စီးပွားရေးလုပ်ငန်းတွေ ထိုင်းမှိုင်းလာရင်း ၂၀၁၁ ခုနှစ် အစိုးရအဖွဲ့ အပြောင်းအလဲ ကာလနဲ့ ၂၀၁၂ ခုနှစ် အပြောင်းအလဲကာလမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်တဲ့နှုန်းဟာ အနိမ့်ဆုံးအထိတောင် ကျသွားပြီးတော့ နောက်ဆုံး ငွေလဲနှုန်းတခုမှာ ခလုပ်ထားလိုက်ပြီးတော့ တရားဝင်ငွေလဲခွင့်တွေပြုတဲ့အချိန်မှာ ဈေးကွက်ထဲမှာပေါက်နေတဲ့ ငွေဈေးကလည်း အနိမ့်ဘက်မှာပဲတည်နေတဲ့ သဘောဖြစ်နေတော့ အဲငွေလဲနှုန်းကြောင်း ငါးဈေးတွေကျတယ်။ ထုတ်လုပ်မှုစရိတ်နဲ့ ငါးမွေးပြီး ထုတ်လုပ်ရတဲ့ စရိတ်နဲ့က ကွာဟပြီး ၂ နှစ်ကျော်ကျော်လောက် လုပ်ငန်းရှင်တွေဟာ အရှူံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီကာလထဲမှာ ထုတ်လုပ်မှုစရိတ်နဲ့ ရတဲ့ငါးဈေးနဲ့ အကျိုးအမြတ်မရှိတာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲကာလမှာ ဆန်စပါးအထွက်ကလည်းလျော့တယ်။ မြေပဲဆန်၊ နှမ်းတို့ကလည်း အထွက်ဆုတ်တယ်။ ပြည်ပကိုလည်း အလုံးလိုက်အဆန်လိုက်တွေ တင်ပို့ခွင့်ပြုလိုက်တဲ့အခါ အစာကုန်ကြမ်းတွေက ရှားပါးတာ၊ ဈေးကြီးတာနဲ့ မလုံလောက်တာတွေဖြစ်တဲ့အခါမှာ ဈေးတက်တယ်၊ ပစ္စည်းတွေလည်း ရှားသွားတယ်။ အဲတော့ လုံးဝမလောက်တော့ နောက်ဆုံး ပဲပုပ်စပ်လိုဟာမျိုးကို အိန္ဒိယလို ပြည်ပနိုင်ငံကနေပြီးတော့မှ ငါးစာပုံစံမျိုး ပြန်သွင်းတာတွေလုပ်ခဲ့ရတယ်။ အဓိက ခြုံပြောရရင် ငါးမွေးမြူရေးလုပ်ငန်းဟာ ငွေလဲနှုန်းအပြောင်းအလဲ ပြဿနာအပေါ် အကြောင်းတည်ပြီး နှစ်ရှည်အရှုံးပေါ်လာတယ်။ အရင်းတွေပြုတ်သွားတယ်၊ နည်းသွားတယ်။ အဲတုန်းကမွေးတဲ့ ကန်ဧကနဲ့ ငါးကိုမွေးနေတဲ့ လုပ်ငန်းရှင်တွေဟာ ငါးမွေးတောင်သူတွေပေါ့ဗျာ၊ ငါးကို အကောင်ရေလျှော့မွေးတယ်၊ ကုန်ထုတ်တာလည်း လျှော့ထုတ်၊ အစာလည်းလျှော့ကျွေးတော့ ငါးကုန်ထွက်ကလျော့သွားပြီး ငါးထုတ်လုပ်မှုကျသွားတဲ့သဘော။

"ဒီပြဿနာက စီးပွားရေးအရ တွက်ခြေမကိုက်လို့ဖြစ်တဲ့ပြဿနာလည်း ဖြစ် တယ်။  ဈေးကွက်ရဲ့လိုအပ်ချက်ကျတော့ လျော့သွားတာမဟုတ်ဘူး။ ပြည်တွင်းမှာလည်း ပင်လယ်ဖမ်းတာတို့၊ အင်းအိုင်လုပ်ငန်းဖမ်းတာတို့ကလည်း အကြောင်းကြောင်းကြောင့် လျော့သွားတော့ တိုးလာတဲ့ လူဦးရေနဲ့ ငါးစားဖို့ မလုံလောက်ရင် မွေးမြူရေးကိုပဲ အားကိုးရတာဆိုတော့ မွေးမြူရေး ပြည်တွင်းဈေးကွက်က အလိုလိုရှိပြီးသားဖြစ်တယ်။ နောက် ပြည်ပနိုင်ငံတွေကိုလည်း မွေးမြူရေးငါး တင်ပို့ဈေးကွက်က ၁ နှစ်ကို တန် ၁ သိန်းနီးပါး ၀န်းကျင်လောက်နဲ့ ဒေါ်လာနဲ့ဆို သန်း ၁၁၅-၁၂၀ နည်းပါးလောက်ရထားတယ်။ ဒါလည်း ပုံမှန်အခြေအနေပဲ။ ပြည်တွင်းပြည်ပ ဈေးကွက်က ပုံမှန်ပဲ။ ဈေးကွက်ကပုံမှန်ဖြစ်နေတယ်။ မွေးမြူရေးငါးကို စားနေပေမယ့် မွေးမြူရေးငါးမွေးသူတွေက စီးပွားရေးအရရှူံးလို့၊ အဆင်မပြေလို့ လျှော့မွေး၊ လျှော့ထုတ်၊ အစားလည်းလျှော့ကျွေး၊ တချို့လည်း အလုပ်တွေရပ်နားထားတယ်။ တချို့ အကြွေးတင်တော့ ကန်တွေကို အကြွေးဆပ်၊ အပ်နဲ့ အကြွေးသိမ်းတာတို့ ဖြစ်လာတော့ အဲကာလတွေဟာ ငါးမွေးမြူရေးထုတ်လုပ်မှုမှာတော့ အတော်အတန်ထိခိုက်ခဲ့တဲ့ နှစ်လို့ ပြောလို့ရတယ်။ မနှစ်ကလည်း ထုတ်လုပ်မှုရှိတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ထုတ်လုပ်မှုတွေ ရှိလိုက်ပြီးတော့ ဈေးကွက်ထဲ ငါးရှားတယ်၊ ဈေးကြီးတယ်ဖြစ်နေတာဟာ ပြဿနာအရင်းခံက ကာလရှည်ရှူံးခဲ့လို့ ထုတ်လုပ်မှုကျသွားတာ။ အခုအချိန်က ငါးရှားပြီးဈေးကောင်းတော့ ထိုက်သင့်သလောက်ရှိတဲ့ အချိန်ကာလပေါ့။ အခုအချိန်ကတော့ ရှုံးတယ်ဆိုတဲ့ ကာလလေးလွန်မြောက်ပြီး ငါးလက်ဝယ်ရှိလို့၊ အရင်းလည်းရှိလို့ ထုတ်နိုင်ရင် အကျိုးအမြတ်လေး ထိုက်သင့်သလောက်ရလာတဲ့ ကာလဖြစ်တယ်။ သို့သော် လူအများလက်ထဲတော့ အရင်းအနှီးတော်တော် လျော့သွား၊ ပျောက်သွားတယ်။ ထုတ်လုပ်မှုလျော့သွားတယ်။

“အခု ထုတ်လုပ်မှုမှာ ငါးဈေးကောင်းလာလို့ အကျိုးအမြတ်ရှိလို့ ထုတ်ချင်ရင်တောင်မှ အလွယ်တကူတော့ ထုတ်လို့ မရနိုင်ဘူး။ အရင်းတွေ ပြန်အစားထိုး ဖြည့်ရမယ်။ အဲဒီအရင်းတွေ အစားထိုးဖို့အတွက် လိုအပ်တဲ့ဟာ မှန်မှန်ကန်ကန် ဖြည့်ဆည်းနိုင်ရင်တော့ ငါးထုတ်လုပ်မှုက မူလအခြေအနေကို ပြန်တက်လာနိုင်တာပေါ့။ အဓိက အရင်းနှီးလျော့သွားတဲ့ ပြဿနာ ဖြစ်ပါတယ်။”

ယိမ်းယိုင်နေတဲ့ ငါးလုပ်ငန်းကို ပြန်လည်ထောင်မတ်လာအောင် အစိုးရဆီက ထောက်ပံ့မှု၊ ဒါမှမဟုတ် အကူညီ၊ အကြံဥာဏ် စသဖြင့် ဘာတွေ ဆောင်ရွက်နေလဲ။

“နိုင်ငံတော်သမ္မတကြီးကို ဒီလုပ်ငန်းတွေမှာ ငါးမွေးတဲ့သူတွေက အကြွေးတွေတင်တယ်။ အရှုံးတွေ ဖြစ်သွားတယ်။ ထုတ်လုပ်မှု ကျသွားတဲ့အတွက်ကြောင့် ဒီအရင်းနှီးတွေကို ပြန်ဖြည့်တင်းပြီးမှ အကူညီတွေ ပေးပါ၊ အဲဒါ တချက်တောင်းတယ်။ ဒုတိယအချက်က ကျနော်တို့ရဲ့ ထုတ်လုပ်မှုကသာ အခက်ခဲ တွေ့နေတာပေါ့။ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ကို ပြောင်းလိုက်တဲ့အတွက် အရင်တုန်းက စီးပွားရေးပိတ်ဆို့မှု (ဆန်ရှင်) နဲ့ ပတ်သက်ပြီး ချထားခဲ့တဲ့ အမေရိကန်၊ ဥရောပ၊ ကနေဒါတို့ဆိုတဲ့ ဈေးကွက်ကြီးတွေ ကိုင်တဲ့ နိုင်ငံတွေက ကျနော်တို့ကို စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြည်ပေးလိုက်တယ်။ ကျနော်တို့က စီးပွားရေးအရ ဆက်ဆံခွင့် အခွင့်အလမ်းကောင်းတွေ ရလာတယ်။ အရင်တုန်းက ကျနော်တို့ရဲ့ မွေးမြူထုတ်လုပ်မှုက ဆန်ရှင်ကြောင့် သူတို့ကို ဖြေညှိပြီးတော့ ထုတ်ခဲ့၊ မွေးခဲ့တာတော့ မရှိဘူး။ ဒီအချိန်မှာ ဒီအခွင့်အရေးကို ရတာကတော့ ရှုံးနေတဲ့ မွေးမြူရေးလုပ်ငန်းတွေကို အရင်းနှီးနဲ့ နည်းပညာပိုင်းမှာ ထည့်ပြီးတော့ ပြန်ပြီးမတ်အောင် လုပ်ရမယ်။ နောက်တပိုင်းက ဒါနဲ့ တွဲပြီး တဆက်တည်းမှာ ပွင့်လာတဲ့ ဈေးကွက်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကျနော်တို့ရဲ့ ထုတ်ကုန်တွေကို စနစ်တကျ လေ့လာပြီးတော့ မွေးမြူထုတ်လုပ်ပြီးတော့ အဲဒီဈေးကွက်တွေကို တင်ပို့နိုင်ခဲ့ရင်လည်း အရင်တုန်းက မရဖူးတဲ့ အကျိုးအမြတ်တွေ ရမယ်။ အဲဒါ ကျနော်တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒီနှစ်ခုကို လုပ်နေတယ်။ တခုက လျော့သွားတဲ့ အရင်းနှီးကို ပြန်ဖြည့်ပေးဖို့။ နောက် နည်းပညာအမြင့်ပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ဖြည့်ပြီးတဲ့အခါမှာ မျိုးသစ်တွေ ထုတ်ဖို့၊ မျိုးသစ်ဆိုတဲ့နေရာမှာ ဥရောပ၊ အမေရိက၊ ကနေဒါတို့ ဈေးကွက်က လိုအပ်တဲ့ ကျနော်တို့ ရာသီဥတုနဲ့လည်း ကိုက်ညီတဲ့ ကုန်ပစ္စည်မျိုးတွေကို မွေးမြူထုတ်လုပ်ပြီးတော့ အဲဒီဈေးကွက်တွေကို ရည်စူးပြီး တင်ပို့ရင် ကျနော်တို့နိုင်ငံဟာ အခွင့်အလမ်းကောင်းတွေကို အရင်တုန်းက ရှုံးခဲ့လို့ ဒါကို နာလန်ထူအောင်၊ ပြန်ပြီးတက်လာအောင် အရင်းနှီးဖြည့်ပေးတာတို့၊ နည်းပညာဖြည့်တာတို့တပိုင်းနဲ့ အသစ်ပွင့်လာမယ့်ဈေးကွက်တွေကို ရည်စူးပြီးလုပ်တာ အပိုင်းတပိုင်း၊ အဲဒီနှစ်ပိုင်းကို တွဲပြီးတော့ ပြန်လုပ်နိုင်ရင် နိုင်ငံအတွက် အင်မတန်မှ အားကိုးရတဲ့ လုပ်ငန်းကြီးတခု ဖြစ်လာလိမ့်မယ်။ အလုပ်အကိုင်အခွင့်အလမ်းရော၊ ၀င်ငွေရော။ နောက် အချိန်တိုတွင်းမှာလည်း ပြုပြင်ပြောင်းလဲဖို့ လွယ်တဲ့လုပ်ငန်းပေါ့။ နည်းဗျူဟာ၊ မဟာဗျူဟာကိုသာ အမျိုးသားအဆင့် ရည်မှန်းပြီး ချလုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ငါးအဖွဲ့ချုပ်က သုံးသပ်တယ်။”

ဦးဝင်းကြိုင်တို့ တင်ပြချက်အပေါ် သမ္မတဆီက ဘာအကြောင်းပြန်လဲခင်ဗျ။

“ကျနော်တို့ဘက်ကတော့ လျော့ပါးသွားတဲ့ အရင်းနှီးတွေနေရာမှာ ပြန်ဖြည့်ဆည်းပေးဖို့နဲ့ ဈေးကွက်အသစ်နဲ့ လိုက်လျောညီထွေတဲ့ဟာတွေ ပုတ်ပြတ်ပြောင်းလဲပြီး မွေးဖို့ အစီစဉ်တွေ ချမှတ်ချင်တယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု အကူအညီလိုပါတယ်။ နည်းပညာအကူညီလိုပါတယ်။ ဒီဟာကိုလည်း နိုင်ငံတော် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ကို တင်ပြတယ်။ အစိုးရဘက်ကလည်း နိုင်ငံတကာ အကူညီတွေ ရတာနဲ့ ကျနော်တို့ဆီ ချပေးမယ်တဲ့။ ဒီအထောက်အပံ့တွေ စီစဉ်ပေးပါမယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ သို့သော်လည်း ဒီနေ့အချိန်ထိ အထောက်အပံ့နဲ့ အကူညီတွေ မရသေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013