ရေကြည်နှင့် ငသိုင်းချောင်းအကြား သဲကားမှောက်၊ ယာဉ်မောင်း ၁ ဦး သေဆုံး
DVB
·
May 21, 2020
ဧရာဝတီတိုင်း၊ ရေကြည်မြို့နဲ့ ငါးသိုင်းချောင်းမြို့အကြား ပုသိမ်-မုံရွာ အဝေးပြေး ကားလမ်းမ မိုင်တိုင် ၂၁/၂ နဲ့ ၂၁/၃ ကြားမှာ မေ ၂၀ ရက် ည ၈ နာရီလောက်က သဲတင်ဆောင်လာတဲ့ကား တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း တစ်ဦး နေရာမှာပင် သေဆုံးသွားပါတယ်။
ငါးသိုင်းချောင်းဘက်ကနေ အသုတ်မြို့ကို မောင်းနှင်လာတဲ့ သဲကားဟာ ငါးသိုင်းချောင်းနဲ့ ရေကြည်အကြားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာပါ။
ရေကြည်မြို့နယ် မီးသတ်ဌာန ဦးစီးမှူးဦးစိုးနိုင်က "ကားက လမ်းဘေးသစ်ပင် တိုက်ပြီး တပတ်လည်ပြီးမှောက်တာ ယာဉ်မောင်းက ကားခေါင်းခန်းမှာ ညှပ်ပြီး သေဆုံးသွားတယ်။ နောက်လိုက်က လွှင့်ပြီး သတိလစ်သွားတယ်။ ယာဉ်နောက်လိုက်ကို အားချင်း ရေကြည် ပြည်သူ့ဆေးရုံ ပို့လိုက်ရတယ်။ ဒဏ်ရာတော့ သိပ်မတွေ့လိုက်ရဘူး၊ မစိုးရိမ်ရပါဘူး။ သေဆုံးသွားတဲ့ ယာဉ်မောင်းရဲ့အလောင်းကို ကိုယ်တို့မီးသတ်တပ်ဖွဲ့ကနေ ကားအပြင်ကို ထုတ်နေပါတယ်”လို့ ပြောပါတယ်။
ကျောက်တင်ကား၊ သဲတင်ကားတွေဟာ အခုလို မိုးရာသီမှာ လမ်းချော်ပြီး မကြာခဏ တိမ်းမှောက်လေ့ ရှိပါတယ်။
သေဆုံးသွားတဲ့ယာဉ်မောင်းနဲ့ ဒဏ်ရာရသွားတဲ့ ယာဉ်နောက်လိုက်ဟာ ရေနံသာကျေးရွာမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
ရေကြည်မြို့မစခန်းက သေဆုံးသွားတဲ့ ယာဉ်မောင်းကို ရာဇာသတ်ကြီးပုဒ်မ ၃၀၄-(က)/၃၃၈ မဆင်မခြင်မောင်းနှင်မှုအပြင် ပေါ့ဆလို့ လူသေမှုနဲ့ပါ အမှုဖွင့်ထားပါတယ်။
သတင်း- သန်းထိုက်မြင့်၊ ဓာတ်ပုံ - ရေကြည်မြို့ မီးသတ်ဦးစီးမှူး