DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆိုင်းငံ့ရန်  ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်
DVB
·
May 21, 2020
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆိုင်းငံ့ရန်  ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

မေလ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း မဲဆန္ဒခံယူခဲ့ရာမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိခဲ့တဲ့ ပုဒ်မ ၃၂(က)နဲ့ (ခ) တို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်ကို ရှင်းလင်းတင်ပြတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ 

ပုဒ်မ ၃၂(က) နဲ့ (ခ) တို့ကတော့ အိုမင်းမစွမ်းဆိုတဲ့နေရာမှာ သက်ကြီးရွယ်အို၊ မသန်မစွမ်းဆိုတဲ့နေရာမှာ မသန်စွမ်း စတဲ့ စကားရပ်အစားထိုးမှုတွေပဲဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အဆိုပါစကားရပ်အစားထိုးပြင်ဆင်မှုနှစ်ခုကို လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ တပါတည်းကျင်းပဖို့ အကြောင်းကြားစာပို့ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ဒီနေ့မှာ လွှတ်တော်ကို ရှင်းလင်းတင်ပြရာမှာ တော့ အဆိုပါစကားရပ် အစားထိုးပြင်ဆင်မှုနှစ်ခုအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပသေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်လို့ ကော်မရှင်ကိုယ်စား အကြံပြုခဲ့ပါတယ်။ 

ပြည်ထောင်စုလွှတ်တော်နာယကကလည်း ကော်မရှင်ရဲ့တင်ပြချက်ဟာ ကျိုးကြောင်း ညီညွတ်မှုရှိတဲ့အတွက် လက်ခံပါကြောင်း ပြန်လည်ပြောကြားခဲ့သလို လွှတ်တော်ရဲ့ ဆန္ဒခံယူရာမှာ လည်း ကန့်ကွက်သူမရှိတဲ့အတွက် ဆိုင်းငံ့ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ အစည်းအဝေးကို အစီအစဉ် (၂၀) နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ချေးငွေရယူရေး ကိစ္စတွေ၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာနဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းပြခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ၂၀၁၈-၂၀၁၉ အတွင်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတာတွေ ပါဝင်နေပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013